အဇာဘိုင်ဂျန်နိုင်ငံက အင်အားအပြည့်ဖြင့် စစ်ပွဲဆင်နွှဲရန် စီစဉ်နေကြောင်း အာမေးနီးယားအစိုးရ စွပ်စွဲ
Pika (NSS) - ဖေဖော်ဝါရီ ၁၆
အဇာဘိုင်ဂျန်အစိုးရသည် အာမေးနီးယားနိုင်ငံကို အင်အားအပြည့်ဖြင့်စစ်ပွဲဆင်နွှဲရန် စီစဉ်နေကြောင်း အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က စွပ်စွဲပြောဆိုခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် နယ်ခြားစောင့်စခန်းတစ်ခုကို အဇာဘိုင်ဂျန်စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အာမေးနီးယားတပ်ဖွဲ့ဝင်(၄)ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။ နီကိုးလ်ပါရှင်ယန်က "အဇာဘိုင်ဂျန်အစိုးရဟာ နှစ်နိုင်ငံကြားနယ်စပ်ရဲ့အချို့အပိုင်းတွေမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်လိုနေပါတယ်။ ပြီးတော့ အလားအလာရှိတဲ့စစ်ရေးအရ တင်းမာမှုတွေကို ပိုမိုမြှင့်တင်ပြီးတော့ အာမေးနီးယားကို အင်အားအပြည့်နဲ့ စစ်ပွဲဆင်နွှဲဖို့ လုပ်ဆောင်ချင်နေတာပါ။ အဇာဘိုင်ဂျန်အစိုးရရဲ့လုပ်ရပ်တွေနဲ့ထုတ်ပြန်ချက်တွေအားလုံးမှာ ဒီရည်ရွယ်ချက်ကို တွေ့မြင်နိုင်ပါတယ်" ဟု ပြောခဲ့သည်။
နယ်ခြားစောင့်စခန်းတစ်ခုကို အဇာဘိုင်ဂျန်စစ်တပ်၏ တိုက်ခိုက်မှုအတွင်း အာမေးနီးယားတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ပြီးနောက် (၂)ရက်အကြာတွင် နီကိုးလ်ပါရှင်ယန်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း အာမေးနီးယားတပ်ဖွဲ့ဝင်များက အရင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဇာဘိုင်ဂျန်စစ်တပ်က ပြောကြားခဲ့သည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံ၏ ပိုင်နက်နယ်မြေကို သိမ်းယူရန်အတွက် အစီအစဉ်ဆွဲနေသောနိုင်ငံမှာ အဇာဘိုင်ဂျန်နိုင်ငံ မဟုတ်ဘဲ အာမေးနီးယားနိုင်ငံသာဖြစ်ကြောင်း အဇာဘိုင်ဂျန်သမ္မတအေလ်ဟမ်အဲလီယက်ဗ်က ပြန်လည်စွပ်စွဲခဲ့သည်။
အာမေးနီးယား နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် ၁၉၉၁ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုထံမှ လွတ်လပ်ရေးကြေညာပြီးနောက်ပိုင်းကတည်းက ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံလုံးသည် နာဂါနို-ကာရာဘက်ခ်ဒေသမှာ စစ်ပွဲများကိုဆင်နွှဲခဲ့ကြကြောင်းလည်း သိရသည်။
၂ဝ၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်များနှင့် နာဂါနို-ကာရာဘက်ခ်ဒေသရှိ ခွဲထွက်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသကို အဇာဘိုင်ဂျန်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြင့် ပဋိပက္ခအဆုံးသတ်သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဆိုလျှင် အကြမ်းဖက်သမားများကို ကြီးမားသောဆုကြေးပေးလိုက်သလိုမျိုးဖြစ်လာမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ