ပြည်ပထွက်ခွာခွင့်များကို ပိတ်ပင်ထားခြင်းမရှိကြောင်း နှင့် နိုင်ငံကူးလက်မှတ်များကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးလျက်ရှိကြောင်း သက်ဆိုင်သူများ ဖြေရှင်း
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၅
ပြည်ပထွက်ခွာခွင့်များကို ပိတ်ပင်ထားခြင်းမရှိကြောင်း နှင့် နိုင်ငံကူးလက် မှတ်များကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးလျက်ရှိကြောင်း သက်ဆိုင်သူ များက ရှင်းလင်းပြောကြားထားသည်။
နစကမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်ပထွက်ခွာခွင့်များကို ပိတ်ပင် တားဆီးနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ ပြည်ပထွက်ခွာခွင့်များကို လူဝင် မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်ကာ စိစစ်တားဆီးခြင်းမျိုးမရှိကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)တွင် ပြန်လည်ဖြေရှင်းထားသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်လေဆိပ်များ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုခြင်းများကိုလည်း ယခင်အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် နိုင်ငံကူးလက်မှတ်များပြုလုပ်ခွင့်ကို ကန့်သတ်ပိတ်ပင်လျက်ရှိနေသည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းများပျံ့နှံ့နေလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါ သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်အတိုင်း ပြုလုပ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံး(ရန်ကုန်)မှ အရာရှိတစ်ဦးက NSS ကို ပြောသည်။
“အဲဒီသတင်းတွေက ကောလာဟလတွေပါ။ နိုင်ငံကူးလက်မှတ်တွေကို ပုံမှန်အတိုင်း ပြုလုပ်ပေးလျက်ရှိပါတယ်။ အရေးကြီးကိစ္စ၊ ပညာရေး၊ ကျန်း မာရေးကိစ္စတွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့တင်ပြလာရင်လည်း Green Channel နဲ့ စိစစ်ဆောင်ရွက်ပေးနေပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်ရုံးမှာဆိုရင် နေ့စဥ်လူဦးရေ(၁၇၀၀)လောက် နိုင်ငံကူးလက်မှတ် လာလုပ်နေလျက်ရှိပါတယ်။ ပိတ်ထားတာမျိုး၊ ရပ်ထားတာမျိုးမရှိပါဘူး” ဟု အထက်ပါအရာရှိက ပြောသည်။
နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ပြည်တွင်းရှိ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်လာမှုများရှိကြောင်း တွေ့ရှိရသည်။ လတ်တလော၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဗီဇာလာရောက်လျှောက်ထားသူ အများအပြားရှိနေသည်ကိုလည်း တွေ့ရှိနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပရိသတ်မြင်ကွင်းရှေ့မှ ပျောက်ကွယ်နေသော လက်ရွေးစင်ကစားသမားဟောင်းကြည်လင်း ရခိုင်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ