အမေရိကန်တပ်ဖွဲ့များ၏ အနာဂတ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို အမေရိကန်နှင့်အီရတ်တို့ ပြန်လည်စတင်
Pika (NSS) - ဖေဖော်ဝါရီ ၁၄
အီရတ်ရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့်ဆွေးနွေးမှုများကို ပြန်လည် စတင်ခဲ့ကြောင်း အီရတ်အစိုးရက ထုတ်ဖော်ပြောဆို ခဲ့သည်။
အဆိုပါဆွေးနွေးမှုများနှင့်ပတ်သက်ပြီး မကြာသေးမီအချိန်အတွင်း ရလဒ်တစ်ခု ထွက်ပေါ် လာမည်ဟု မျှော်လင့်ထားကြောင်း အီရတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ အီရတ်နှင့် အမေရိကန် ကြား ပထမအကြိမ်ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်တွင် စတင်ခဲ့သော်လည်း ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင်(၃)ဦးသေဆုံးခဲ့ပြီးနောက် ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အီရတ်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Yehia Rasool က “အီရတ်စစ်တပ် ထိပ်တန်းကော်မရှင်ဟာ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို Baghdad မြို့မှာ ဖေဖော်ဝါရီလ(၁၁)ရက်က ပြန်လည်စတင်လုပ်ဆောင်ခဲ့ပါတယ်။ အီရတ်စစ်တပ် ထိပ်တန်းကော်မရှင်ရဲ့ အလုပ်တွေ အမြန်ဆုံး ပြီးမြောက်ဖို့အတွက် အစည်းအဝေးတွေကို ပုံမှန်ကျင်းပသွားမှာပါ” ဟုပြောဆိုခဲ့သည်။
အဆိုပါဆွေးနွေးပွဲများသည် အီရတ်ရှိ ညွန့်ပေါင်းတပ်ဖွဲ့များ ဆုတ်ခွာမှုအတွက် အချိန်ဇယား တစ်ခုချမှတ်ရန် နှင့် ၎င်းတို့၏မစ်ရှင်ပြီးဆုံးသွားစေရန် ရည်ရွယ်ထားကြောင်း Yehia Rasool က ပြောကြား ခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲစတင် ဖြစ်ပွားပြီးနောက် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့်မိတ်ဖက် တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်တည်းက အကြိမ်ပေါင်း(၁၆၅)ကြိမ်ကျော် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်းလည်း သိရသည်။ အဆိုပါတိုက်ခိုက်မှု အများစုကို အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အမေရိကန် တပ်ဖွဲ့များသည် ဒေသတွင်းရှိ အီရန်ကျောထောက် နောက်ခံပြု စစ်သွေးကြွအဖွဲ့များကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း လည်းသိရသည်။ အီရတ်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်(၂၅၀ဝ)ရှိပြီး ဆီးရီးယားတွင် တပ်ဖွဲ့ဝင် (၉၀ဝ) ကျော်ရှိကာ ISIS အကြမ်းဖက်အဖွဲ့ ဆန့် ကျင်ရေး ညွန့်ပေါင်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များသည် ISIS အကြမ်းဖက်အဖွဲ့ ပြန်လည်ပေါ်ပေါက်လာမှုကို တားဆီးရန်အတွက် အီရတ်တပ်ဖွဲ့များကို အကူအညီများ ပေးအပ်လျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို F-35 အမျိုးအစားတိုက်လေယာဉ်နှင့်ပတ်သက်သော အပိုပစ္စည်းများ မရောင်းချရန် နယ်သာလန် တရားရုံးဆုံးဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ