ကျွန်းအနီးတွင် တရုတ်၏ မိုးပျံပူဖောင်း(၈)လုံးကို စံချိန်တင် ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၁ဝ
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ မိုးပျံပူဖောင်း(၈)လုံးကို ခြေရာခံတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ မိုးပျံပူဖောင်း(၂)လုံးသည် ကျွန်းအပေါ်မှဖြတ်ကာ ပျံသန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၁၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်၏ မိုးပျံပူဖောင်းများကို ဖေဖော်ဝါရီလ(၉)ရက်တွင် အမြင့်ပေ(၁၅၀၀၀)မှ (၃၈၀၀၀)ကြားတွင် ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်၏မိုးပျံပူဖောင်းများတွေ့ရှိခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မိုးပျံပူဖောင်း အများအပြားကို စံချိန်တင် ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးနှင့်နိုင်ငံရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးတွင် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ခွဲထွက်ရေးသမားတစ်ဦးဖြစ်သည်ဟု တရုတ်အစိုးရကသတ်မှတ်ထားသော အာဏာရဒီမိုကရက်တစ်ပါတီမှ လိုင်ချန်တေးသည် ပြီးခဲ့သည့်လက လုပ်ဆောင်ခဲ့သော ထိုင်ဝမ်ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း တရုတ်၏မိုးပျံပူဖောင်းများကို ကျွန်းအနီးတွင် ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း တရုတ်အစိုးရသည် ထိုင်ဝမ်ရွေးကောက်ပွဲအပြီးတွင် စစ်လေယာဉ် နှင့် စစ်သင်္ဘောများကို ကျွန်းအနီးတွင် ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ထိုင်ဝမ်ကျွန်းအနီးသို့ တရုတ်အစိုးရ၏ စစ်လေယာဉ်အများဆုံးစေလွှတ်မှုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကဖြစ် ပွားခဲ့ပြီး တရုတ်တိုက်လေယာဉ်(၁၀၃)စင်းကို ထိုင်ဝမ်ကျွန်းအနီးတွင် ခြေရာခံတွေ့ရှိခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်ထိပ်တန်းခေါင်းဆောင်၏ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်များအားလုံးကို ပိတ်ပစ်ခဲ့ကြောင်း Meta ကုမ္ပဏီပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ