၂၀၂၄ ခုနှစ်တွင် ခရိုင်းမီးယားတံတားကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက် ကတိပြု
Pika (NSS) - ဖေဖော်ဝါရီ ၉
ရုရှားနိုင်ငံ Krasnodar ပြည်နယ် နှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော ခရိုင်းမီးယားတံတားကို ၂ဝ၂၄ ခုနှစ်တွင် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ယူကရိန်းရေတပ် တပ်မှူး ဒုဗိုလ်ချုပ်ကြီး အလက်ခ်ဆေးနိဇ်ပါပါ က ပြောကြားခဲ့သည်။
အလက်ခ်ဆေးနိဇ်ပါပါသည် ရုရှားဖက်က အလိုရှိနေသော ယူကရိန်းသတင်းထောက် အလက်စန်းဒါးဂေါ်ဒွန် နှင့် ဖေဖော်ဝါရီလ(၅)ရက်က တွေ့ဆုံစဉ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အချက်အချာကျသော ခရိုင်းမီးယားတံတားအား မည်ကဲ့သို့ဖျက်ဆီးရမည်ဆိုသည့်အချက်ကို သိရှိထားကြောင်း အလက်ခ်ဆေးနိဇ်ပါပါက အခိုင်အမာပြောခဲ့သည်။
ထို့အပြင် ဥရောပတိုက်၏ အရှည်ဆုံးတံတားဖြစ်သော ခရိုင်းမီးယားတံတားက မည်သည့်အချိန်တွင် ပျက်စီးသွားမှာ လဲဆိုသည့် အလက်စန်းဒါးဂေါ်ဒွန်၏ မေးခွန်းကို အလက်ခ်ဆေးနိဇ်ပါပါက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်း လည်း သိရသည်။
အလက်ခ်ဆေးနိဇ်ပါပါ က "ခရိုင်းမီးယားတံတားကို ဖျက်ဆီးပစ်ဖို့ အချိန်အကြာကြီးစောင့်နေစရာမလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အနည်းဆုံးတော့ ဒီနှစ်မှာ ဖျက်ဆီးခံရဖို့ သေချာပါတယ်" ဟု ပြောခဲ့သည်။ ခရိုင်းမီးယား တံတားကို ၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၈ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားပြည်မကြီးကြားရှိ တစ်ခုတည်းသော ရထားလမ်းနှင့် ယာဉ်လမ်းကြောင်းလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
ရုရှား-ယူကရိန်းကြား စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ရုရှားစစ်တပ်အတွက်အရေးကြီးသော ခရိုင်းမီးယားတံတားကို ဖျက်ဆီးပစ်မည်ဟု ယူကရိန်းသမ္မတဇီလန်စကီး အပါအဝင် အခြားအရာရှိနှင့် တပ်မှူး အများအပြားက ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။
၂ဝ၂၂ ခုနှစ် အောက်တိုဘာလတွင် ခရိုင်းမီးယားတံတားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသော ထရပ် ကားတစ်စီး ပေါက်ကွဲခဲ့ပြီးနောက် လူ(၃)ဦးသေဆုံးခဲ့ပြီး တံတားလည်း အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ခရိုင်းမီးယားတံတား၏ အောက်ခြေရှိ အစိတ်အပိုင်းတစ်ခုတွင် ရေအောက်သုံးဒရုန်းတစ်စီး ပေါက်ကွဲခဲ့ပြီး အရပ်သား(၂)ဦးသေဆုံးခဲ့ဖူးကြောင်း သိရသည်။
ထို့နောက် ရုရှားအစိုးရသည် ပျက်စီးသွားသော ခရိုင်းမီးယားတံတားကို ပြန်လည်ပြုပြင်ခဲ့ကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေက ဆိုးလာနေကြောင်း ဘင်္ဂလားဒေရှ့်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ