အမေရိကန်ပြည်ထဲရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ရန် အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှု မအောင်မြင်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အမေရိကန်ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဖြစ်သူ မာယော်ကက်စ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ ရာထူးမှ ထုတ်ပယ်နိုင်ရန် ဖေဖော်ဝါရီ ၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
မက္ကဆီနိုင်ငံ နှင့် ထိစပ်နေသောနယ်စပ်ဒေသများကိုဖြတ်သန်းပြီး အမေရိကန်နိုင်ငံဘက်ခြမ်းသို့ ရွှေ့ပြောင်းသွားလာသူများ ဝင်ရောက်မှုပိုမိုမြင့်တက်လာနေကြောင်း၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုများရှိခဲ့ ကြောင်း၊ အမေရိကန်အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီအမတ်များက ဝေဖန်ပြစ်တင်ထားသည်။
အမေရိကန်ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို အောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၁၄၊ ကန့်ကွက်မဲ ၂၁၆ မဲသာရရှိခဲ့ပြီး စွပ်စွဲပြစ်တင်သောအုပ်စုဘက်မှ ရှုံးနိမ့်ခဲ့ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ မဲခွဲဆုံးဖြတ်မှုတွင် အခြားရီပတ်ဘလီကန်ပါတီကိုယ်စားလှယ်လေးဦးသည် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ရာထူးမှ မထုတ်ပယ်ရန် ထောက်ခံသော အုပ်စုဘက်မှ ပူးပေါင်းပါဝင်လာခြင်းကြောင့် စွပ်စွဲပြစ်တင်သည့်ဘက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ ကျော် ကူညီပေးရန်အတွက် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ အစ္စရေးကိုအကူအညီပေးမည့် အစီအစဉ် လည်း ငြင်းဆန်ပယ်ချခံရကြောင်း သိရသည်။ အမေရိကန်အစိုးရသည် အစ္စရေးကို အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ အကူအညီပေးနိုင်မည့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်ထံ တင်ပြခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များကြား မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲ ၂၅ဝ မဲ၊ ထောက်ခံမဲ ၁၈ဝ မဲသာ ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးကိုအကူညီပေးမည့်အစီစဉ်ကို ငြင်းဆန်ပယ်ချမည်ဆိုလျှင် ဗီတို အာဏာအသုံးပြုသွားမည်ဖြစ်ကြောင်း မဲခွဲဆုံးဖြတ်မှုမတိုင်ခင် ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှား၌ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ကျိုးခဲ့သည့် မြန်မာလုပ်သားကို အလုပ်ရှင်က ပစ်ထားသည့်ဖြစ်စဉ်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ