ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲမှုရယူရေးကို အပြီးသတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ဟားမက်စ်အုပ်စုခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ (၄)လနီးပါးရှိလာချိန်မှာ လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးအတွက် နောက်ဆုံးသဘောတူညီချက်တွေ မရသေးကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုစမာဟမ်ဒန် က ကာတာ၊ အီဂျစ် နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဆိုပြုကမ်းလှမ်းချက်တွေကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ရပ်တည်ချက်သဘောထားတွေကိုကြေညာဖို့ အချိန်ယူဖို့ လိုအပ်ကြောင်းပြောပါတယ်။ ၎င်းက ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကြားဝင်စေ့စပ်ပေးရေးအဖွဲ့တွေရဲ့ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအဆိုပြုချက်တွေကို လက်ခံရရှိခဲ့ကြောင်း၊ အစီအစဉ်အသေးစိတ်နဲ့ပတ်သက်ပြီးဆွေးနွေးနေဆဲသာဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ကြား အပြီး သတ်သဘောတူညီမှုမျိုးမရသေးကြောင်း ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ ရပ်တည်ချက်တွေကို မကြာခင်ကြေညာသွားမယ်။ ကျွန်တော်တို့ပြည်သူတွေထိခိုက်နာကျင်ရတဲ့ ကျူးကျော်မှုတွေကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ဆန္ဒကို အခြေခံပြီး ရပ်တည် ချက်တွေကို ကြေညာသွားမယ်"လို့ ပြောပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးမှုမရှိဘဲ စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၁၆၀ ဦးသေဆုံးခဲ့ပြီး အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်လာခဲ့ကြောင်း သိရပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား သီတင်းပတ်တစ်ပတ်အကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူတွေကို အပြန်အလှန်ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယာယီအပစ်ခတ်ရပ်စဲရေးဟာ ပျက်စီးသွားခဲ့ပြီး တိုက်ပွဲတွေ လက်ရှိအချိန်အထိ ပြန်လည်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ