ပဲခူးမြို့ကို KIA ထုတ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် စီစဥ်နေ့သည့် DSRB အဖွဲ့ဝင်(၆)ဦးကို ၁၀၇ မမများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
NSS - ဖေဖော်ဝါရီ ၄
ပဲခူးမြို့ကို KIA ထုတ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် စီစဥ်နေ့သည့် DSRB အဖွဲ့ဝင် (၆)ဦးကို ၁၀၇ မမများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ယမန်နေ့ည(ဖေဖော်ဝါရီ လ ၃ ရက်)က ထုတ်ပြန်ထားသည်။
DSRB အကြမ်းဖက်အဖွဲ့သည် ၂၀၂၃ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပမည့် ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဥ်နေကြောင်း ပြည်သူများက သတင်းပေးပို့ခဲ့ကြောင်း နစကမှဆိုထားသည်။
အဆိုပါသတင်းပေးပို့မှုအရ ဖေဖော်ဝါရီလ(၂)ရက်၊ နေ့လည်ပိုင်းတွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကမာနတ်ခကျေးရွာအနီးရှိ ပဲခူး- သနပ္ပင်လမ်းဆုံ၌ Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင်(ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဂျူးသောဘန(ခ)သာကျော်ဌေး တို့(၆)ဦးကို KIA အဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး ၁ဝ လုံး၊ စနက်တံ ၁ဝ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ သနပ္ပင်မြို့နယ်၊ ရေတံခါးတာဝကျေးရွာရှိ ၎င်း၏နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရပြီး လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၆)ဦးကို KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူ(၆)ဦး၏ ထွက်ဆိုချက်အရ DSRB အကြမ်းဖက်အဖွဲ့မှ ရှိုင်းဝေ (ခ) RI သည် ၂၀၂၃ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့်ညတွင် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့်နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စေခိုင်းခဲ့ကြောင်း သိရသည်။
၎င်း၏ခိုင်းစေမှုအရ သိမ်ဇရပ်မြို့အဝင်တွင် ရှော့တိုက်ဒုံးများ သွားရောက်ယူဆောင်၍ ပြန်လာစဥ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပစ်မှတ်ထားပစ်ခတ်ဖောက်ခွဲရန် စီစဥ်ထားကြောင်း ထွက်ဆိုချက်များအရ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို စစ်ရေးအကူအညီပေးမယ့် ဘတ်ဂျက်ကိစ္စကို မဲခွဲဆုံးဖြတ်မယ်လို့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ