အမေရိကန်နှင့်တိုက်ရိုက်စစ်ပွဲ မဖြစ်ပွားရန် အီရန်ထိပ်တန်းခေါင်းဆောင်မှာကြား
Pika (NSS) - ဖေဖော်ဝါရီ ၃
အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်စစ်ပွဲမဖြစ်ပွားရန် အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီခါမေနီက ၎င်း၏အရာရှိများကို ညွှန်ကြားခဲ့ကြောင်းသိရသည်။
သို့သော် အီရန်မြေပေါ်ရှိ အမေရိကန်၏မည်သည့် တိုက်ခိုက်မှုကိုမဆို လက်တုံ့ပြန်မှုများလုပ်ဆောင်ရန်အတွက် အသင့်ပြင်ထားရန်လည်း အလီခါမေနီက ညွှန်ကြားခဲ့ကြောင်း New York Times သတင်းစာကဖော်ပြခဲ့သည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင်(၃)ဦးသေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဇန်နဝါရီလ(၂၈)ရက်တွင် အီရန်အမျိုးသားလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်းသိရသည်။
အီရန်သမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ဘက်အကြီးအကဲများပါဝင်သော ကောင်စီသည် အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်၏ ဖြစ်နိုင်ခြေရှိသော လက်တုံ့ပြန်မှုများကို ဆွေးနွေးခဲ့ကြကြောင်း အီရန်သတင်းရင်းမြစ်များကို ကိုးကားပြီး New York Times သတင်းစာက ဖော်ပြခဲ့သည်။ "အမေရိကန်သည် အီရန်ကိုတိုက်ရိုက် တိုက်ခိုက်မည် သို့မဟုတ် အီရတ်နှင့်ဆီးရီးယားရှိ စစ်သွေးကြွအဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်သည်ဟု" အဆိုပါအရေးပေါ်အစည်းအဝေးအတွင်း ကောက်ချက်ချခဲ့ကြောင်း သတင်းရင်းမြစ်များကပြောကြားခဲ့သည်။
အလီခါမေနီက "အမေရိကန်နဲ့ တိုက်ရိုက်စစ်ပွဲဖြစ်ပွားတာကို ရှောင်ရှားပြီး အမေရိကန်စစ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေရဲ့ လုပ်ရပ်ကနေ အီရန်က ဝေးဝေးရှောင်နေသင့်ပါတယ်။ ဒါပေမဲ့အမေရိကန်က အီရန်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားရပါမယ်"ဟု ပြောဆိုခဲ့သည်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် အီရန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Nasser Kanaani ကပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း၌လှုပ်ရှားနေသော အမျိုးမျိုးသော စစ်သွေးကြွအဖွဲ့များသည် အီရန်နိုင်ငံထံမှ အမိန့်များကို နာခံနေကြခြင်းမျိုးလည်းမဟုတ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်ရှိ ကားဝပ်ရှော့တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ