မြွေထွက်နှုန်း ပိုမိုများပြားလာသည့်အတွက် မြွေအကောင်ရေ (၇၀) နီးပါး ဘေးလွတ်ရာသို့ ပြန်လွှတ်ရန် စာတင်ထား
Pearl (NSS) - ဖေဖော်ဝါရီ ၁
ယခုနောက်ပိုင်း မြွေထွက်နှုန်း ပိုမိုများပြားလာပြီး မြွေအကောင်ရေ (၇၀)နီးပါး ဘေးလွတ်ရာသို့ ပြန်လွှတ်ရန် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သို့ စာတင်ထား ကြောင်း ရွှေမေတ္တာပရဟိတအသင်းထံမှ သိရသည်။
ရွှေမေတ္တာပရဟိတအသင်းက အခြားပရဟိတအသင်းများ နှင့် ပူးပေါင်းကာ ဖမ်းဆီးရမိသော မြွေများ၊ အလှူခံရရှိသော မြွေများကို လူသူကင်းဝေးသည့် ဘေးလွတ်ရာသို့ ပြန်လွှတ်ပေးလျက်ရှိရာ တစ်ကြိမ်လျှင် အကောင်ရေ (၅၀)ခန့် ရှိကြောင်း သိရသည်။
"အကူအညီတောင်းတာဆိုရင်တော့ လိုက်ပြီး ကူညီဖမ်းပေးတာရှိပါတယ်။ မြွေထွက်တဲ့နှုန်းကတော့ အခုနောက်ပိုင်း တော်တော်လေးများပါတယ်။ ပိုပြီးတော့ မြွေအကောင်ရေများများလေး ဖမ်းရတာပေါ့နော်။ မြွေကတော့ သူ့ရဲ့အစာရှိတဲ့နောက်ကို လိုက်တာဆိုတော့ ကြွက်များတဲ့ နေရာမျိုးတွေဆို မြွေများမှာပဲ။ မြွေဖမ်းမိနှုန်းက စောင့်ကြည့်မိသလောက် ပိုပြီးတော့ နည်းနည်းစိပ်စိပ်လေးတွေ တွေ့လာရတယ်။ ဒါတွေက သဘာဝကပေးတဲ့ Early Warning sign တွေ များလား၊ ငလျင်ကိုတော့ နည်းနည်းလေး စိတ်ပူတာပေါ့လေ"ဟု ရွှေမေတ္တာပရဟိတ အသင်း ဥက္ကဋ္ဌ ဒေါ်ရွှေလဲ့က ပြော သည်။
ရွှေမေတ္တာပရဟိတ အသင်းအနေဖြင့် ယခုလက်ရှိအချိန်ထိ မြွေအကောင်ရေ (၁၂၀၀)ဝန်းကျင်ခန့်ကို ဘေးလွတ်ရာသို့ လွှတ်ပေး ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
"လူအများစုက မြွေမျိုးစိတ်ကို သေသေချာချာမသိဘူး။ မြွေအား လုံး အဆိပ်ရှိတယ်ဆိုပြီး သတ်လိုက်တာပေါ့။ အဲဒါလေးကိုလည်း တည့်ပေးချင်တယ်။ နောက်တခုက မြွေက ဂေဟစနစ်အတွက် အရေးပါတယ်ဆိုတာ သေသေချာချာလေးကို လူထုကို ရှင်းပြချင်တယ်။ နောက်ထပ် မြွေနဲ့ပတ်သက်တဲ့ အသိအလွဲတွေပေါ့။ ဘုရားမှာ မြွေတွေ အများကြီးပဲဖမ်းပြီး မွေးထားတာတွေ။ ဒါတွေက ဂေဟစနစ်အရ အဆင်မပြေဘူး။ နောက်ထပ် ဘယ်မြွေကတော့ အန္တရာယ်ရှိတယ်။ ဖယ်ရှားသင့်တယ်။ ဘယ်မြွေကတော့ ဖမ်းလို့ရတယ်ဆိုတာ သိပြီး နည်းနည်းလေးရှောင်နိုင် တိမ်းနိုင်တယ် ဆိုရင် အဆင်ပြေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၌ အကြမ်းဖျင်းအားဖြင့် မြွေမျိုးစိတ် ၂၀၀ နီးပါးအထိ ရှိပြီး ၎င်းတို့အနက် (၁၅)ရာခိုင်နှုန်းခန့်သည် အဆိပ်ရှိသည့် မြွေအမျိုးအစားများ ဖြစ်ကြောင်း သိရသည်။
မြွေများသည် ဂေဟစနစ်အရ အရေးပါပြီး မြွေများမရှိပါက ကြွက်များသောင်းကြမ်းနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် မလိုလားအပ်သည့် ကူးစက်ရောဂါများ၊ ပလိပ်ရောဂါကဲ့သို့ ရောဂါများလည်း ဖြစ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီး(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မြင်းခြံမြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ