ကာလုံအစည်းအဝေးကို အဖွဲ့ဝင်(၉)ဦးဖြင့် ကျင်းပပြီးနောက် အရေးပေါ်ကာလကို နောက်ထပ် (၆)လ သက်တမ်းတိုးရန် ဆုံးဖြတ်
NSS - ဇန်နဝါရီ ၃၁
ကာလုံအစည်းအဝေးကို အဖွဲ့ဝင်(၉)ဦးဖြင့် ကျင်းပပြီးနောက် အရေးပေါ်ကာလကို နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၃၁ ရက်) တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သည်။
၎င်းအစည်းအဝေးကို ကာလုံအဖွဲ့ဝင်(၉)ဦးဖြစ်သည့် ယာယီသမ္မတဦးမြင့်ဆွေ အပါအဝင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ဖြင့် ကျင်းပခဲ့ပြီး အထူးဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် နစကဥက္ကဋ္ဌအနေဖြင့် နိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ်များ၊ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေမှုအခြေအနေများ နှင့် သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်နေသည့်အခြေအနေများကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအား တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထားသို့ ရောက်ရှိရန် ဆောင်ရွက်ရန်လိုအပ်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ထပ်မံ(၆)လ သက်တမ်းတိုးမြှင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်(၆)လ သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရသည် နိုင်ငံတော်တာဝန်များကို ရယူထားသည်မှာ (၃)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး နောက်ထပ်(၆)လ သက်တမ်းကိုလည်း ထပ်မံတိုးမြှင့်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံက KBZ ဘဏ်ခွဲကို လူ (၇)ဦးက ဝင်ရောက်အနုကြမ်းစီး၍ ကျပ်သိန်း ၂၀၀၀ကျော်အား လုယက်ယူဆောင်မှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ