ခရိုင်းမီးယားကျွန်းဆွယ်နှင့် အခြားဒေသများတွင် ယူကရိန်း၏ ဒရုန်း(၂၁)စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၃ဝ
ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ခရိုင်းမီးယားကျွန်းဆွယ် နှင့် ရုရှားဒေသအများအပြားတွင် ယူကရိန်းဒရုန်း(၂၁)စင်းကို ဖျက်ဆီး (သို့မဟုတ်) ကြားဖြတ်ဟန့်တားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းဒရုန်း(၁၁)စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရုရှားအစိုးရသည် ၂ဝ၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူခဲ့ပြီး အဆိုပါလုပ်ရပ်မှာ တရားမဝင် နယ်မြေ သိမ်းပိုက်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်း၏ အနောက်အုပ်စုမိတ်ဖက်နိုင်ငံများက ပြစ်တင်ဝေဖန်ခဲ့သည်။ ခရိုင်းမီးယားကျွန်းဆွယ်၏ အကြီးဆုံးမြို့ဖြစ်သလို အဓိကပင်လယ်နက်ဆိပ်ကမ်းတစ်ခုဖြစ်သော ဆီဗာစတိုပိုလ်မြို့ ကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုများအတွင်း ထိခိုက်ပျက်စီးမှုများမရှိခဲ့ကြောင်း ရုရှားအစိုးရခန့်အပ်ထားသည့် ဆီဗာစတိုပိုလ်မြို့ အုပ်ချုပ်ရေးမှူး Mikhail Razvozhayev က ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်း၏ ဒရုန်းများကို ဘယ်လ်ဂိုရော့ဒ်၊ Bryansk၊Kaluga နှင့် တူလာဒေသတို့တွင်လည်း အောင်မြင်စွာ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားအေဂျင်စီများက ရေးသားဖော်ပြခဲ့သည်။
အဆိုပါဒရုန်း အပျက်အစီးများသည် Kaluga မြို့ အစွန်ရှိအဆောက်အဦးတစ်ခုပေါ်သို့ ကျသွားခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိမှု/ပျက်စီးမှုများ မရှိခဲ့ကြောင်း Kaluga ဒေသအုပ်ချုပ်ရေးမှူးVladislav Shapsha က ပြောကြားခဲ့သည်။
အဆိုပါသတင်းများနှင့်ပတ်သက်ပြီး ယူကရိန်းဖက်က လက်ရှိအချိန်အထိ ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ယူကရိန်းသည် ရုရှားတပ်ဖွဲ့များအား လေကြောင်းမှတိုက်ခိုက်မှုများကို ပြီးခဲ့သည့် လများအတွင်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ရုရှား၏ စစ်ရေးဆိုင်ရာကြိုးပမ်းမှုများ ပျက်ပြားစေရန်အတွက် စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ယူကရိန်းဖက်က ထုတ်ပြန်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံက ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ