မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ်ဆဲ(၅)ထပ်တိုက်ပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ်ဆဲ (၅)ထပ်တိုက်ပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၂၈ ရက်)၊ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ (၅)ထပ်တိုက်တစ်ခု၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလူက ငြမ်းပိုက်တက်လုပ်ရင်းနဲ့ ပြုတ်ကျတာ။ အဲဒီတိုက်က (၅)ထပ်တိုက် ဆောက်လက်စတိုက်ပေါ့။ သူက အပေါ်ဆုံး(၅)ထပ်ကနေ ပြုတ်ကျတာပါ” ဟု ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄ဝ)နှစ်အရွယ် ဦးမင်းနိုင်တွင် ဦးခေါင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“လူနာက ခေါင်းရှေ့ပိုင်းက ကွဲသွားတော့ သွေးထွက်လွန်နေတာ။ ဘယ်ဘက်လက်ကောက်ဝတ်လည်း ကျိုးတယ်။ ဆေးရုံကို ပို့ပေးလိုက်တော့ ဆရာဝန်ကပြောတာက စိုးရိမ်ရတယ်ပေါ့။ နောက်တော့ ဆေးကုသမှုခံယူနေတုန်းမှာ သေဆုံးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား အင်းစိန်ဆေးရုံအရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး အကြံပြုရရင် အလုပ်သမားတွေအနေနဲ့ အသက်တစ်ချောင်းဆိုတာ ရဖိုမလွယ်ဘူး လေ။ အဲဒါကြောင့် ကိုယ့်အသက်ထက် ဘယ်အရာမှ အရေးမကြီးဘူး။ အလုပ်လုပ်ရင် သတိထားပြီးလုပ်စေချင်ပါ တယ်” ဟု ၎င်းက အကြံပြုပြောထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်းရှိ အထက်မြင့် ကွန်ဒိုတိုက်တစ်ခု၏ (၉)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း