နှစ်နိုင်ငံကြားတင်းမာမှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ကနေဒါအစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၂၇
အိန္ဒိယနှင့် ကနေဒါတို့သည် ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေသော်လည်း နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး အပြန်အလှန်ဆက်ဆံရေးများ ကောင်းမွန်လာနေကြောင်း ကနေဒါထိပ်တန်းအရာရှိက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် ကနေဒါနိုင်ငံသား Hardeep Singh Nijjar သတ်ဖြတ်ခံရမှုတွင် အိန္ဒိယအေးဂျင့်များက ပါဝင်ပတ်သက်နေကြောင်း ကနေဒါဝန်ကြီးချုပ်ထရုဒိုးက စွပ်စွဲပြောဆိုပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးများ ယိုယွင်းပျက်စီးလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း Hardeep Singh Nijjar သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမျိုး မရှိကြောင်း အိန္ဒိယအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
ထရုဒိုး၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိုဒီသောမတ်စ်က "အိန္ဒိယလူမျိုးတွေက ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးလို့ ကျွန်တော်မပြောလိုပါဘူး။ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေမှာ တိုးတက်မှုတွေရှိအောင် လုပ်ဆောင်ထားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Hardeep Singh Nijjar သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ပေးရန် အိန္ဒိယအစိုးရကို ကနေဒါအစိုးရက ဖိအားပေးခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမေရိကန်မြေပေါ်ရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားတစ်ဦးကိုသတ်ဖြတ်ရန် ကြိုးပမ်းမှုများအား တားဆီးနိုင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂျိုဒီသောမတ်စ်က "အမေရိကန်ဘက်က ထုတ်ပြန်လိုက်တဲ့အချက်အလက်တွေဟာ အိန္ဒိယနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်မှုနဲ့အခိုင်အမာပြောဆိုမှုတွေကို ထောက်ခံနေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အိန္ဒိယအစိုးရဟာ ကျွန်တော်တို့နဲ့အတူ နီးနီးကပ်ကပ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်ထရုဒိုး၏ မှတ်ချက်များကြောင့် သံတမန်မစ်ရှင်များကို လျှော့ချရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကနေဒါအစိုးရကို အိန္ဒိယအစိုးရက တောင်းဆိုခဲ့ပြီးနောက် ကနေဒါနိုင်ငံသည် ၎င်း၏သံတမန်(၄၁)ဦးကို အိန္ဒိယနိုင်ငံတွင်းမှ ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော် အပျက်မခံနိုင်ကြောင်းနှင့် တရားမျှတသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်သူ့ပါတီ တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ