ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးဆက်လက်ရွာသွန်းနိုင်
ယွန်း (NSS) - ဇန်နဝါရီ ၂၆
လာမည့် ဇန်နဝါရီလ(၂၈)ရက်အထိ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း မနက်ဖြန် ဇန်နဝါရီလ(၂၇)ရက်မှ ဇန်နဝါရီလ(၂၈)ရက်အထိ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
“ဒီထက်ပိုပြီးမိုးကြီးလာနိုင်မယ့် အခြေအနေတော့မရှိပါဘူး။ သို့သော် ဆက်ရွာနိုင်သေးတယ်။ တောင်ပိုင်းဒေသတွေမှာ (၂၇)၊(၂၈)လောက်အထိတော့ ရွာဦးမယ်။ မြစ်ဝကျွန်းပေါ်တို့၊ ရန်ကုန်တို့မှာလည်း နည်းနည်းတော့ ရွာနိုင်သေးတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကို ပြောသည်။
အဆိုပါလေနွေး နှင့် လေအေးများတွေ့ဆုံမှုကြောင့် စစ်ကိုင်း တိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ကချင်၊ ရှမ်းပြည် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင် နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှသိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်တံတားအတက်၌ ကားတစ်စီးရှေ့ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ