ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအသစ် ပြော
Htay Oung (NSS) - ဇန်နဝါရီ ၂၄
စနေနေ့က ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ NAM (ခေါ်) ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၁၉ ကြိမ်မြောက် ထိပ်သီးအစည်း အဝေးကျင်းပစဉ် အစည်းအဝေးပြင်ပမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်ဖို့အတွက် မြန်မာဘက်ကလည်း စိတ်ပါဝင်စားတာကို တွေ့ရှိရကြောင်း အင်္ဂါနေ့ မီဒီယာတွေဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောဆိုတယ်လို့ ဒါကာ ထရီဗြွန်းသတင်းအေဂျင်စီက ယမန်နေ့က ရေးသားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့အကြားဆွေးနွေးမှုဟာ ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စထက် ကျော်လွန်ပြီး နှစ်နိုင်ငံ နဲ့သက်ဆိုင်တဲ့အရေးကြီးအကြောင်းအရာများလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
စနေနေ့က ယူဂန်ဒါနိုင်ငံတွေ့ဆုံမှုဟာ ဟာဆန်မာမွတ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဝန်ကြီးအဆင့် ပထမဆုံးပြည်ပတွေ့ဆုံမှုဖြစ်ပါတယ်။
ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စဟာ ယခင်က ရခိုင်ပြည်နယ် လူမျိုးသုတ်သင်မှုဖြစ်စဉ်အတွင်း ထွက်ပြေးသွားတဲ့ ဘင်္ဂါလီ ၁.၁ သန်းကို ခိုလှုံခွင့်ပေးထားသူ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြားတွင် သိသာထင်ရှားတဲ့ အချေအတင် အမှတ်အသားတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ နေရပ်ပြန်ရေးနှစ်ဖက်သဘောတူညီထားကြပေမယ့် အကောင်အထည်မပေါ်နိုင်သေးပဲ ရှိနေပါတယ်။
အင်္ဂါနေ့ မီဒီယာတွေဆုံပွဲ သတင်းထောက်တွေရဲ့မေးမြန်းချက်တွေကို မာမွတ်က တုံ့ပြန်ရာမှာ (ဦးသန်းဆွေတို့က) မြန်မာဖက်အနေနဲ့ နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ တိုက်တွန်းခဲ့ကြောင်း ပြန်လည်ဖြေဆိုပါတယ်။
အနည်းဆုံးတော့ ဦးသန်းဆွေအနေနဲ့ လုပ်ငန်းစဉ် စတင်နိုင်တယ်ဆိုတာကို အလေးပေးပြောဆိုခဲ့ကြောင်း ဝန်ကြီး နှစ်ဦးတို့ရဲ့ဆွေးနွေးမှုတွေကနေစပြီး အကောင်အထည်ဖော်တဲ့အထိဖြစ်လာဖို့ မြန်မာဘက်က အတော်လေး စိတ်အားထက်သန်တယ်နေတယ်ဆိုတာ ထင်ရှားကြောင်း၊ ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံရေး မဟာဗျူဟာမြောက်ကိစ္စရပ်များအပြင် နောက်ထပ်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ ယခင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတွေ တင်သွင်းပြီး ခိုင်မာတဲ့ကုန်သွယ်ဆက်ဆံမှုတွေ ရှိခဲ့ပေမယ့်၊ ဒုက္ခသည် ဘင်္ဂါလီတို့ အပေါ်ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကုန်သွယ်ရေးတိုးတက်မှုမှာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ရကြောင်း၊ ဒါ့အပြင် အုပ်စုအမျိုးမျိုးတို့ ပါဝင်ပတ်သက်နေတဲ့မူးယစ်ဆေးကုန်ကူးမှုကြောင့် မြန်မာနိုင်ငံမှ စိတ်ကြွဆေးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အလုံးအရင်းနဲ့ လှိမ့်၀င်လာနေတာကို တွေ့ရှိရကြောင်း၊ တစ်ခြားကိစ္စတွေမှာ အမြင်ကွဲ လွဲမှုရှိပေမယ့် နိုင်ငံအတွင်း မူးယစ်ဆေးကုန်ကူးမှုမှာ မတူညီတဲ့ အုပ်စုအသီးသီးတို့က တစ်စိတ်တစ်သဘောတည်း ပါဝင်ပတ်သက်နေတဲ့ကိစ္စတွေကို ဦးသန်းဆွေထံ အသိပေးခဲ့ရာ လက်ခံသဘောတူတယ်လို့ ဒါကာမြို မီဒီယာ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောပြပါတယ်။
(အသက် ၆ဝ အရွယ် မိုဟာမက်ဟာဆန်မာမွတ်ဟာ လောလောဆယ် ပူပူနွေးနွေး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးအသစ်ဖြစ်ပါတယ်။ ဘယ်လ်ဂျီယန်နိုင်ငံ လမ်ဘတ်တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ဓါတုဗေဒဘာသာ ရပ်နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပြီး ရှိတ်ဟာစီနာ အစိုးရအဆက်ဆက်မှာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး၊ ပြန်ကြားရေး၀န်ကြီး၊ သစ်တော သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးတာဝန်များ ကို ထမ်းဆောင်ခဲ့ဖူးသူ ဝါရင့်နိုင်ငံရေးသမားဖြစ်ပါတယ်။
စစ်တကောင်း အမှတ်-၇ မဲဆန္ဒနယ်မှဖြစ်ပြီး အဝါမီလိခ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့ဖူးပြီး လက်ရှိပူးတွဲအတွင်း ရေးမှူးလည်းဖြစ်ပါတယ်။ သူနာမည်ကို ကျွန်တော့ဘာသာပြန်သတင်းများမှာ တွေ့ဖူးကြပါလိမ့်မယ်။ ယခင် စာအုပ်ကြီးသမား သံတမန်နိုင်ငံခြားရေး၀န်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ်မိုမန်ထက်စာရင် စကားအပြောအဆို နိုင်ငံရေးသမားပီသတဲ့အတွက် သူတာဝန်ယူခိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဆက်ဆံရေးဟာ အထူးသဖြင့် မြန်မာနဲ့ ပြေလည်စရာရှိကောင်းတယ်လို့ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ထင်မြင်ပါတယ်။ ။ သတင်းဘာသာပြန်သူ)
#ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး_ဟာဆန်မာမွတ် #မြန်မာနိုင်ငံခြားရေး၀န်ကြီးဦးသန်းဆွေ NAM #ဒုက္ခသည် ဘင်္ဂါလီ #၁၉-ကြိမ်မြောက်_ယူဂန်ဒါဘက်မလိုက်_လှုပ်ရှားမှုအဖွဲ့_ထိပ်သီးအစည်းအဝေး
(Dhaka Tribune., 23 January 2024, “Hasan finds Myanmar counterpart interested in Rohingya repatriation” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ၏ ချစ်ဖွယ်-ညစ်ကျယ်ရုံးနှင့် မြန်မာနိုင်ငံ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ