ရုရှားနှင့်တရုတ်အပါအဝင် အစ္စရေးနှင့်ဆက်နွယ်ခြင်းမရှိသောနိုင်ငံများ၏ သင်္ဘောများကို ဘေးကင်းစွာဖြတ် သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ကတိပြု
Pika (NSS) - ဇန်နဝါရီ ၂ဝ
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံနှင့်ဆက်နွယ်သော နိုင်ငံများမှလွဲပြီး အခြားနိုင်ငံများအားလုံး၏ ကုန်တင်သင်္ဘောများကို ပင်လယ်နီအတွင်း ဘေးကင်းစွာဖြတ်သန်းခွင့်ပြုမည်ဟု ကတိပြုခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
ပင်လယ်နီအတွင်း ဘေးကင်းစွာဖြတ်သန်းခွင့်ပြုမည့် သင်္ဘောများထဲတွင် ရုရှားနှင့်တရုတ်တို့၏ သင်္ဘောများပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်လများအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအား လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့ထားမှုများကို ဖြေလျှော့ကာ အစ္စရေးကထိုးစစ်ဆင်မှုများကို မရပ်တန့်မချင်း အစ္စရေးနှင့်ဆက်နွယ်သော သင်္ဘောများကို ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် Muhammad al-Buheiti က "အစ္စရေး ဒါမှမဟုတ် သူတို့နဲ့ဆက်နွယ်နေတဲ့ သင်္ဘောတွေဟာ ပင်လယ်နီအတွင်းမှာ ဘေးကင်းစွာဖြတ်သန်းခွင့်ရရှိမှာမဟုတ်ပါဘူး။ သူတို့အပေါ် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ရုရှားနဲ့တရုတ်အပါအဝင် အခြားနိုင်ငံတွေရဲ့ သင်္ဘောတွေကိုတော့ ခြိမ်းခြောက်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်မှာမဟုတ်ပါဘူး။ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ဟာ ကျွန်တော်တို့နိုင်ငံမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အခြားနိုင်ငံတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဖြတ်သန်းသွားလာမှု လုံခြုံရေးအာမခံချက်ကို ပေးဖို့ ပြင်ဆင်ထားပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့၏ ရည်ရွယ်ချက်သည် မည်သည့်သင်္ဘောကိုမှ ဖမ်းဆီးရန် သို့မဟုတ် နှစ်မြှုပ်ပစ်ရန် မဟုတ်ဘဲ ဂါဇာကမ်းမြောင်ဒေသတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုများအား ရပ်တန့်စေရန်အတွက် အစ္စရေး၏စီးပွားရေးကုန်ကျစရိတ်များကို ပိုမိုမြင့်တက်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Muhammad al-Buheiti ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောင်းဆုံမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်(၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း