လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံတွင် ပေ(၂၀၀)ဝန်းကျင်ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး (၅)နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံတွင် ပေ(၂၀၀)ဝန်းကျင်ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး (၅)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သွားရောက်ကူညီ မီးငြှိမ်းသတ်ခဲ့သည့် အနာဂတ်အလင်း တန်းပရဟိတအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ ည ၈နာရီ ၅၈မိနစ်အချိန်တွင် လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာရှိ အမှိုက်ပုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို မီးသတ်ကအကူအညီတောင်းလို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရတာပါ။ စလောင်တုန်းကတော့ မြို့နယ်မီးသတ်က ထွက်ငြှိမ်းပေမဲ့ မီးလောင်ပြင်ကတဖြည်းဖြည်းကျယ်လာတာနဲ့ အခြားမြို့နယ်တွေနဲ့ ပရဟိတအသင်းတွေကို အကူအညီတောင်းရတာ။ ခုလောင်သွားတဲ့ မီးလောင်ပြင်ကလည်း ပေ(၂၀၀) ဝန်း ကျင်လောက်လောင်သွားတယ်”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လှည်းကူမြို့နယ်မီးသတ်စခန်းအပါအဝင် အခြားမြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် အခြားအသင်းအဖွဲ့များပူးပေါင်းကာ (၅)နာရီကျော်ခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“မီးလောင်တာက ည ၉နာရီလောက်ကလောင်တာ။ မနက် ၂နာရီ ၁၄လောက်မှာမီးငြှိမ်းနိုင်ခဲ့တယ်။ မီးကြွင်းမီးကျန်တော့ ရှိနေဦးမှာပေါ့။ ပြည်သူတွေကို အကြံပြုချင်တာက လာမယ့်ပွင့်လင်းရာသီရောက်လာရင် မီးဘေးအန္တရာယ်ကို ဂရုစိုက်ကြဖို့ပါပဲ”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြသီတာကျေးရွာအနီးရှိ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပဲခူးခရိုင်မီးသတ်စခန်းနှင့် ပဲခူးမြို့နယ်မီးသတ်စခန်းတို့မှ (၂)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားကစားကဏ္ဍမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ နှင့် ဘရားဇီးသံအမတ်တို့ နေပြည်တော်၌ ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း