ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်ကြိုးပမ်းခဲ့ခြင်းမျိုးမရှိကြောင်း ယူကရိန်းသမ္မတပြော
Pika (NSS) - ဇန်နဝါရီ ၁၈
ယခုသီတင်းပတ်အတွင်း Davos မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) တွင် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) တွင် တွေ့ဆုံရန် ဇီလန်စကီး၏တောင်းဆိုမှုများကို လီချန်းက ပယ်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဇီလန်စကီးက ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လီချန်းသည် တရုတ်နိုင်ငံ၏ခေါင်းဆောင်တစ်ဦးမဟုတ်ကြောင်း နှင့် တွေ့ဆုံရကျိုးနပ်လောက်သည့် ထိပ်တန်း အရာရှိတစ်ဦးမဟုတ်ကြောင်း ဇီလန်စကီးက အခိုင်အမာပြောခဲ့သည်။
"ဒီမှာ တရုတ်ဝန်ကြီးချုပ်ရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်က သူနဲ့တွေ့ပါလိမ့်မယ်။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်နဲ့တော့ ကျွန်တော်တွေ့ချင်ပါတယ်။ ကျွန်တော်သိသလောက်ကတော့ တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ဖျင်က ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ယူကရိန်းမှာဆိုရင်တော့ ကျွန်တော်က ဆုံးဖြတ်ချက်တွေ ချပါတယ်။ ဆွေးနွေးပွဲတွေကိုချည်းပဲ ကျွန်တော်တို့ မလိုအပ်ပါဘူး။ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ ခေါင်းဆောင်တွေဆီက နေပဲ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ လိုအပ်တာပါ" ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတသည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် တရုတ်ဝန်ကြီးချုပ်လီချန်းနှင့်တွေ့ဆုံလိုသော်လည်း တရုတ်ဖက်က အဆိုပါတောင်းဆိုချက်များကို ပယ်ချခဲ့သည်ဟု မီဒီယာများက ဖော်ပြနေချိန်တွင် ဇီလန်စကီး၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း တရုတ်အစိုးရသည် လက်ရှိအချိန်အထိ ယူကရိန်း ခေါင်းဆောင်ပိုင်း နှင့် ထိပ်တန်းဆွေးနွေးပွဲများ လုပ်ဆောင်မည့်အလားအလာများကို မှတ်ချက်ပေးခြင်း (သို့မဟုတ်) ဇီလန်စကီး၏ မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ တောင်းဆိုမှုများအရ Davos မြို့တွင် ယူကရိန်းနှင့် သံတမန်ရေးရာတွေ့ဆုံမှုများကို တရုတ်ဖက်က လုံးဝငြင်းဆိုထားကြောင်း Politico သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း တရုတ်ဝန်ကြီး ချုပ်လီချန်း နှင့် ယူကရိန်းသမ္မတဇီလန်စကီးကြား မည်သည့်တွေ့ဆုံမှုကိုမှ အစပြုရန် စီစဉ်ထားခြင်းမျိုးမရှိကြောင်း အမည်မဖော်လိုသော ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက Politico သတင်းဌာနသို့ ပြောကြားခဲ့သည်။
ယူကရိန်း၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပိုမိုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင် ရန်လိုအပ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ အုပ်ချုပ်ရေးအကြီးအကဲ Andrey Yermak က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်များကို လေးကြိမ်မြောက် တိုက်ခိုက်မှုပြုလုပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ