ယူကရိန်းစစ်သားအများစုမှာ အသက်ကြီးသော အမျိုးသားများဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးပြော
Pika (NSS) - ဇန်နဝါရီ ၁၇
ယူကရိန်းစစ်တပ်ရှိ စစ်သားများ၏ ပျမ်းမျှအသက်မှာ အသက်(၄ဝ)ကျော်ဖြစ်ပြီး ငယ်ရွယ်သော တပ်သားသစ်များကို လိုအပ်နေကြောင်း အမှတ်(၅)တပ်မ တပ်မှူး Aleksey Tarasenko က ပြောကြားခဲ့သည်။
ထို့အပြင် နောက်ထပ် စစ်သားစုဆောင်းမှုများ လုပ်ဆောင်ရန်လိုအပ်သည်ဆိုသည့်အချက်ကို လူအချို့က သံသယ ဖြစ်နေသည်ဟု ကြားနေရခြင်းမှာ စိတ်ရှုပ်စရာကောင်းကြောင်း Aleksey Tarasenko က ပြောကြားခဲ့သည်။
၎င်းက "စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့အခြေအနေတွေဟာ စိုးရိမ်ရတာမို့လို့ စစ်တပ်ဟာ တပ်ဖွဲ့ဝင်အသစ်တွေကို စောင့်မျှော်နေပါတယ်။ အများအားဖြင့် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကတော့ စစ်တပ်ကိုဝင်ရောက်လာတဲ့လူတွေ ဟာ အသက်ကြီးတဲ့အမျိုးသားတွေဖြစ်နေတာပါ။ ရုရှားနဲ့ပဋိပက္ခစတင်ဖြစ်ပွားနေချိန်မှာ ပါဝင်ခဲ့တဲ့သူအများစုဟာ မရှိတော့ကြတာမို့လို့ စစ်တပ်ဟာ လူငယ်တွေကို လိုအပ်နေပါတယ်။ ပြီးတော့ စစ်တပ်မှာရှိတဲ့စစ်သားအများစုရဲ့ ပျမ်းမျှအသက်က အသက်(၄ဝ)ကျော်တွေ ဖြစ်နေပါတယ်" ဟု ပြောခဲ့သည်။
စစ်သားစုဆောင်းမှုကို အသက်(၂၇)နှစ်မှ (၂၅)နှစ်အထိ လျှော့ချရန်၊ ရွှေ့ဆိုင်းမှုများကို ရပ်တန့်ရန် နှင့် ဥပဒေ ရှောင်တိမ်းသူများအား ပြစ်ဒဏ်များတိုးမြှင့်ပေးရန်အတွက် အချေအတင်ဆွေးနွေးနေသော ဥပဒေမူကြမ်းအား ပြန်လည်ပြင်ဆင်ရန် လွှတ်တော်က အစိုးရကိုတောင်းဆိုခဲ့ပြီးနောက် Aleksey Tarasenko ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အကျင့်ပျက်ခြစားမှုများအတွက် လမ်းခင်း ပေးထားသည့် ပြဌာန်းချက်များပါဝင်နေကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။ တပ်သားသစ် (၄၅၀၀၀၀) မှ (၅၀၀၀၀၀) ကြား စုဆောင်းပေးရန် ယူကရိန်းစစ်တပ်က တောင်းဆိုခဲ့ကြောင်း သမ္မတဇီလန်စကီးက ပြီးခဲ့သည့် လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော်လည်း တပ်သားသစ်များစုဆောင်ပေးရန် စစ်တပ်က တောင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ယူကရိန်းထိပ်တန်း ဗိုလ်ချုပ်ကြီး Valery Zaluzhny က ပြောကြားခဲ့သည်။ ယူကရိန်းတွင် လက်ရှိဖြစ်ပွားနေသောအခြေအနေများအရ အာဏာပိုင်များသည် အမျိုးသမီးများအား စစ်မှုထမ်းခိုင်းမည့်အစီအစဉ် အပါအဝင် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ဆုံးရှုံးခြင်းများအတွက် အခြားရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားခဲ့ရကြောင်းလည်း သိရသည်။
ထို့ပြင် လူ(၅)သိန်းကို စစ်သားစုဆောင်းခြင်းသည် မလုံလောက်ကြောင်း နှင့် ယူကရိန်းအစိုးရသည် အနည်းဆုံး လူ(၂)သန်းခန့်ကို စုဆောင်းရန်လိုအပ်ကြောင်း Nikolaev ဒေသအုပ်ချုပ်ရေးမှူး ဗလာရီကင်က သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၆ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ