လာမည့်မတ်လတွင် ဗီယက်နမ်ခရီးသွားများ ပိုမိုလာရောက်နိုင်ဖွယ်ရှိပြီး များစွာမျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်းတာဝန်ရှိသူပြော
ယွန်း (NSS) - ဇန်နဝါရီ ၁၆
ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံသို့ ဗီယက်နမ်ခရီးသွားများ ပိုမိုလာရောက်နိုင်ဖွယ်ရှိပြီး များစွာမျှော်လင့်ထားကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NSS သတင်းဌာနကို ပြောသည်။
ကိုဗစ်(၁၉)ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့သည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်း အလဲများကြောင့်လည်း ခရီးသွားဝင်ရောက်မှုသည် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ထိုင်း နှင့် တရုတ်နိုင်ငံတို့မှ ခရီးသည်အများဆုံးလာရောက်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံသား ခရီးသွားများလည်း လာရောက်မှုရှိနေကြောင်း သိရသည်။
“အခုကတော့ ထိုင်းနဲ့တရုတ်က လာတာများတယ်။ ဗီယက်နမ်က အရင်တုန်းက မြန်မာဘက်ကိုလာတာတွေများတယ်။ ဗီယက်နမ်ဘက်က ခရီးသွား ကုမ္ပဏီတွေဘက်ကလည်း မြန်မာပြည်ဘက်ကိုရောင်းဖို့လည်း ကြိုးစားနေကြပါတယ်။ ပုံမှန်အားဖြင့် (၁၁)လပိုင်းလောက်မှာ လာဖို့စီစဥ်ထားကြပေမယ့် မြန်မာနိုင်ငံရဲ့အခြေအနေအရ တချို့ခရီးစဥ်တွေနောက်ဆုတ်သွားတာရှိကြတယ်။ အခု ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ပြန်လာကြတယ်”ဟု ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကပြောသည်။
ထို့ပြင် လာမည့် မတ်လတွင်လည်း ဗီယက်နမ်ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ပြီး အလားအလာကောင်းများရှိနေကြောင်း ၎င်းကပြောသည်။
“အရင်ထဲကလည်း မြန်မာနိုင်ငံဟာ လည်ပတ်လို့ကောင်းတဲ့နိုင်ငံစာရင်းထဲမှာပါတော့ ဗီယက်နမ်ခရီးသည်တွေ ကိုဗစ်မတိုင်ခင်နှစ်က အများကြီး လာကြတယ်။ အခုလည်းလာတယ်ဆိုတာက နည်းနည်းပဲလာသေးတာ။ နောက်ပိုင်းမှာ ဗီယက်နမ်ခရီးသည်တွေ ဒီထက်ပိုပြီးတော့ လာဖို့ရှိပါတယ်။ ဒီ(၃)လပိုင်းလောက်မှာ ပိုမိုဝင်ရောက်လာဖို့ရှိသေးတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ လက်ရှိအခြေအနေတွေ တည်ငြိမ်မှုရှိတယ်ဆိုလို့ရှိရင် ခရီးသွားတွေကလာနေဦးမှာပဲ။ အများကြီး မျှော်လင့်ထားပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ အပါအဝင် လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ ခရီးသွားဝင်ရောက်မှု မြင့်တက်နေသော်လည်း နိုင်ငံရေးပြဿနာများရှိနေသည့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ခရီးသွားဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ(၂၀)ရာခိုင်နှုန်းခန့်သာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်မြို့နယ်၌ အချင်းချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း