ဖုန်းအားသွင်းနေစဉ် ဖုန်းသုံးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိမှု မြစ်ကြီးနားမြို့၌ ဖြစ်ပွား
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖုန်းအားသွင်းနေစဉ် ဖုန်းအသုံးပြုရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ည ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူနယ်မြေ(၂၃) ခေမာသီရိလမ်းသွယ်(၂၄)ရှိ နေအိမ်တစ်လုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ဖုန်းအားသွင်းနေရင်းနဲ့ ဖုန်းသုံးလို့ ပူပြီးထပေါက်တာပါ။ အဲဒီကနေ မီးလောင်တာပေါ့။ အိမ်တော့မလောင်ပေမဲ့ ဖုန်းသုံးနေတဲ့ လူကတော့ တစ်ကိုယ်လုံးလောင်သွားတာ။ ဖုန်းအမျိုးအစားတော့ ကျွန်တော်တို့လည်း သေချာမသိခဲ့ရဘူး” ဟု မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၂)နှစ်အရွယ် ဦးမင်းမင်းဦး၌ ခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက်(၂၅)နှစ်ဝန်းကျင်ရှိ ၎င်း၏ သမီး(၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“သူ့သမီး(၂)ယောက်က မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာတွေရတယ်။ မစိုးရိမ်ရပေမဲ့ ဆေးရုံတော့ပို့ခဲ့ရတယ်။ မြစ်ကြီးနားမှာတော့ ခုလိုဖြစ်စဉ်က ပထမဆုံးကြားဖူးတာပါ။ အကြံပြုချင်တာကတော့ ဖုန်းသုံးမယ်ဆို အားသွင်းနေရင်းနဲ့မသုံးဖို့ပါပဲ။ အားသွင်းနေရင်း သုံးမယ်ဆို ဘက်ထရီကအပူလွန်ပြီး ခုလိုဖြစ်တတ်တယ်ဆိုတာလည်း သိထားစေချင်တယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအား မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများကို ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး စီစဥ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း