မုံရွာ-မန္တလေးကားလမ်း၌ Mini Bus မှ အရှိန်မထိန်းနိုင်ဘဲ (၆)ဘီးကားနောက်ပိုင်းကို ဝင်တိုက်မိရာ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ- မန္တလေးကားလမ်း၌ Mini Bus မှ အရှိန်မထိန်းနိုင်ဘဲ (၆)ဘီးကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၃ ရက်)၊ မွန်းလွဲ ၃နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“မုံရွာကနေ မန္တလေးဘက်ကို မောင်းနေတဲ့ (၆)ဘီးကားကို နောက်ကနေ Mini Bus က အရှိန်လွန်ပြီးဝင်တိုက်မိတာပါ။ Mini Bus ကလည်း ခရီးသည်တွေတင်ပြီး မန္တလေးဘက်ကိုမောင်းလာတဲ့ကားပါ”ဟု အိုးဘိုကျန်း မာရေးနှင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် Mini Bus ပေါ်မှ အသက်(၄၀)နှစ်အရွယ်ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာက ခရီးသည်တင် Mini Bus ပေါ်က ယာဉ်မောင်းနဲ့ သူ့ဘေးက အမျိုးသားတစ်ယောက်ပါ။ ကားကတိုက်လိုက်တော့ ခေါင်းခန်းထဲမှ ညှပ်နေတာနဲ့ ဆွဲထုတ်ရတာ။ ယာဉ်မောင်းဘေးမှာထိုင်နေတဲ့ အမျိုးသားက ပွန်းပဲ့ရုံလောက်ပဲ ရှိတယ်။ အများကြီးထိခိုက်တာတော့မရှိပါဘူး။ မြေပြင်ကုသပေးရုံလောက်ပါပဲ။ အဲဒီနေရာက အရင်တုန်းကလည်းဖြစ်ဖူးတယ်။ စစ်ကိုင်းမှာတော့ ဖြစ်လေ့ရှိတဲ့ နေရာပေါ့” ဟု ၎င်းကဆက်လက် ပြောသည်။
ထို့ကြောင့် ၎င်းယာဉ်တိုက်မှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအမျိုးသားအား အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရဲ့စစ်အင်အားအတောင့်တင်းဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ယခင်နှစ်ထက်မြင့်တက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း