တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း(၄၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၄၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့က ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် အိုက်ရီ(၂၉)နှစ်မောင်းကာ အိုက်တစ်(၂၇)နှစ်လိုက်လာသည့် TOYOTA CROWN ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း(၄၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(အက်တက်စီ) ဆေးပြား(၁၁၂၅၀) ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါကားပေါ်မှ ပစ္စတိုသေနတ်(၄)လက်၊ ၎င်းကျည်(၇၀)တောင့်၊ ကျည်အိမ်(၄)ခု၊ ဒီတိုနေတာ(၆၀) ချောင်း၊ ယမ်းပျော့(၄၀)ချောင်းနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
အလားတူ ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၆နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီး ပင်လိန်-ပွဲကောက်သွားလမ်း၌ TOYOTA LANDCRUISER PRADO ကားပေါ်မှ ငွေကျပ်သိန်း(၃၁၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါလမ်းပေါ်တွင် လော်တား(၂၇)နှစ်မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADOကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်(၃၁၅၀)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် ငွေကျပ် ၁သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်း ဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသား(၂)ဦးက ဆံပင်ညှပ်ဆိုင်တံခါးကိုဖွင့်ခိုင်းပြီး ဖွင့်ပေးသူကိုဓားဖြင့်ခုတ်ကာ ဖုန်းလုယက်ယူဆောင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း