ရန်ကုန်-မန္တလေးအမြန်လမ်းတွင် MARK II ကားအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ကားနှင့်ဝင်တိုက်မိရာ အသက်(၂)နှစ်အရွယ်ကလေးအပါအဝင်(၄)ဦး သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၂
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် MARK II ကားအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းလာသည့်ကားနှင့် ဝင်တိုက်မိခဲ့သဖြင့် အသက်(၂)နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် လူ(၄)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အမြန်လမ်းမီးသတ် တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်)၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းရှိ မိုင်တိုင်အမှတ်(၃၃၇)၊ ၂ဖာလုံနှင့် ၃ဖာလုံအကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နေပြည်တော်ကနေ မန္တလေးကိုမောင်းလားတဲ့ MARK II ကားက အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောဘက်ကိုရောက်သွားတာပါ။ အဲဒီအချိန်မှာ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ မိသားစု (၃)ဦးပါတဲ့ TOYOTA ALLION က MARK II ရဲ့ခါးအလယ်ပိုင်းကို ဝင်တိုက်မိတာပါ” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် MARK II ကားပေါ်၌ လိုက်ပါလာသည့် လူ(၆)ဦးအနက် အသက်(၂)အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အသက်(၃၀)နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၂)ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“MARK II ကားပေါ်က လူ(၆)ယောက်ပါတယ်။ အမျိုးသား(၂) ယောက်နဲ့ အသက်(၂)နှစ်အရွယ်မိန်းကလေး တစ်ယောက်အပါအဝင် အမျိုးသမီး(၄)ယောက်လည်းပါတယ်။ အဲဒီကလေးရယ်၊ အမျိုးသားတစ်ယောက်ရယ်၊ အမျိုးသမီး(၂)ယောက်ရယ်က ပွဲချင်းပြီး ဆုံးသွားတယ်။ TOYOTA ALLION ကားပေါ်မှာက (၃)ယောက်ပါတယ်။ သူတို့က အသေးစားထိခိုက်ဒဏ်ရာလောက်ပါပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအား စကားအင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ဇန်နဝါရီလ ၁ ရက်ကစပြီး မနေ့က(ဇန်နဝါရီလ ၁၁ ရက်)ထိဆို အမြန်လမ်းယာဉ်မတော်တစ်ဆမှုက (၁၀)ခုထိရှိတယ်။ အဲဒီထဲကမှ ယာဉ်မီးလောင်မှုလဲတစ်ခုပါတယ်။ အကြံပြုချင်တာက တော့ အရှိန်တွေလျှော့မောင်းဖို့နဲ့ ယာဉ်ရဲ့ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှ မောင်းစေချင်တာ”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၀ နှင့် ၁ဖာလုံအကြား၌ ကားတစ်စီး အရှိန်လွန်၍ လမ်းလယ်ရှိ အုတ်ကန်အား ဝင်တိုက်မှုကြောင့် လူ(၃)ဦးပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်များ ကိုယ်စားထုတ်ယူခြင်းအတွက် လိုအပ်သည့် အထောက်အထားများကို ကိုရီးယားရှိ မြန်မာသံရုံး ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း