ရန်ကုန်-ပြည်ကားလမ်းပေါ်၌ ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါးအား ကားတစ်စီးမှတိုက်ပြေးခဲ့ရာ သံဃာတော်ပျံလွန်တော်မူခဲ့
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ရန်ကုန်-ပြည်ကားလမ်းပေါ်၌ ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါးအား ကားတစ်စီးမှ တိုက်ပြေးခဲ့ရာ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၁ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် မှော်ဘီမြို့၊ ရန်ကုန်-ပြည်ကားလမ်း၏ မိုင်တိုင်အမှတ်(၃၂)အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့ သံဃာတော်က ပေါ်တော်မူဘုရားတောင်ဘက်မှာရှိတဲ့ တစ်ပါးကျောင်းလေးမှာ သီတင်းသုံးတာပါ။ ဘယ်လိုဖြစ်ပြီး တိုက်မိလည်းတော့ မသိရသေးဘူး။ ကားကတိုက်ပြီး မောင်းပြေးသွားတာ။ သံဃာတော်ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ခေါင်းကို ကားဘီးနဲ့ တက်ကြိတ်သွားတာဆိုတော့ ခေါင်းကြေသွားတာ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပေါ်တော်မူဘုရားတောင်ဘက်ရှိ တစ်ပါးကျောင်းတွင် သီတင်းသုံးနေတော်မူသည့် သက်တော် (၅၀)နှစ်ဝန်းကျင် သံဃာတော်သည် ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြို့ထဲမှာ ဒီလိုပဲ သံဃာတော်တစ်ပါးကားတိုက်ခံရပြီး ပျံလွန်တော်မူသွားခဲ့တယ်။ မှော်ဘီက ရန်ကုန်-ပြည် ကားလမ်းပေါ်မှာရှိတဲ့မြို့ဆိုတော့ လမ်းကျယ်တဲ့အတွက် ကားတွေကအရမ်းမောင်းကြတာ။ အကြံပြုချင်တာကတော့ မြို့ထဲမှာ ကားတွေ အရှိန်လျော့မောင်းဖို့နဲ့ တာဝန်ရှိသူတွေကလည်းအရှိန်လျော့မောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ ထောင်ပေးစေချင်တယ်” ဟု ၎င်းက အကြံပြုပြောကြားထားသည်။
ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်အား မှော်ဘီမြို့မလူမှုကူညီရေးအသင်းမှ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပြီး ယာဉ်တိုက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်အချို့ကြာပြီးနောက် ရန်ကုန်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပျားဖွတ်ပြိုင်ပွဲနှင့် လက်ဝှေ့ပွဲပြိုင်ပွဲကို ပြန်လည်ထည့်သွင်းပြုလုပ်ခဲ့၊ ပွဲတော်သို့ လာရောက်သူ အလွန်များပြား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း