ကျိန္တလီဒေသရှိ ကမ်းခြေဇုန်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် လိပ်စောင်းလျား၏ ဥကျင်းများကို ခြံခတ်သတိပေးစာကပ်၍ အကာအကွယ်ပြုပေးထား
စော (NSS) - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီဒေသရှိ ကမ်းခြေဇုန်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် လိပ်စောင်းလျား၏ ဥကျင်းများကို ခြံခတ်သတိပေးစာကပ်၍ အကာအကွယ်ပြုပေးထားကြောင်း Kyeintali Inshore Fisheries Co-management Association – KIFCA ထံက သိရသည်။
ကျိန္တလီဒေသကမ်းနီးရေလုပ်ငန်း စီမံခန့်ခွဲမှုဧရိယာအတွင်းရှိ ပင်လယ်လိပ်ထိန်းသိမ်းရေးကမ်းခြေဇုန်(၃)ဧရိယာအနီးတွင် မျိုးသုဥ်းလုနီးပါးကြုံတွေ့နေရသော လိပ်စောင်းလျား (လိပ်ကမ္ဘာ) တစ်ကောင်သည် ဒီဇင်ဘာလ ၃၀ ရက်က တက်ရောက်ဥချခဲ့သည့်အပြင် ကမ်းခြေဇုန် (၂) ဧရိယာတွင်လည်း ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)က လိပ်စောင်းလျား(လိပ်ကမ္ဘာ)တစ်ကောင် ထပ်မံလာရောက် ဥချခဲ့ထားသည်ကိုတွေ့ရှိရကြောင်း သိရသည်။
“ကျွန်တော်တို့ လက်လှမ်းမီသလောက်ဆိုရင် အဲဒီလိပ်က သိပ်ပြီးဥချတာ မရှိတော့ဘူး။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ မျိုးသုဉ်းလုနီးပါးသတ်မှတ်ထားတာ။ အဲဒီလိပ်က ရှားပါးမျိုးစိတ်ထဲမှာပါနေပြီဖြစ်နေတဲ့အတွက်ကြောင့် ပင်လယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းလုပ်နေတဲ့အခါ ရှားပါးမျိုးစိတ်ကို ကျွန်တော်တို့ စနစ်တကျစောင့်ကြပ်ပြီး ထိန်း သိမ်းမှသာ ကျွန်တော်တို့ ဒေသထဲမှာ လိပ်မျိုးက ပြန်လည်ပြီးတော့မှ ပေါများလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ (ဥပေါက်တဲ့ နှစ်နေရာ)မှာ ခြံခတ်တယ်။ အစောင့်အရှောက်တွေနဲ့ စောင့်ကြည့်ပြီး သဘာဝအတိုင်းသားဖောက်တဲ့ စနစ်လုပ်နေပါတယ်” ဟု KIFCA မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်း ရှားပါးမျိုးစိတ်ဖြစ်သည့် လိပ်စောင်းလျားသည် လွန်ခဲ့သော (၃)နှစ်ခန့်က ကျိန္တလီကမ်းခြေသို့ တက်ရောက်လာပြီး ဥချခဲ့သော်လည်း ဥပေါက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“အရင်တုန်းက မအောင်မြင်တာက သဘာဝဘေးအန္တရာယ်ကြောင့် မအောင်မြင်တာပေါ့။ လိပ်ဥကျင်းတွေကို ပင်လယ်ရေငန်ထိသွာရင်လည်း မအောင်မြင်ဘူး။ နောက်တစ်ခုက အပင်တွေနဲ့အနီးကပ်သွားရင်တော့ အမြစ်တွေထိုးရင်လည်း မအောင်မြင်နိုင်ဘူး။ သူတို့ဥတွေမှာ ပိုးမွှားတွေကို ကာကွယ်ပေးတဲ့ သဘာဝအရာတွေက ပျက်သုဉ်းသွားတဲ့အခါ ဝင်ရောက်စားသောက်ကြရင်လည်း မအောင်မြင်နိုင်ဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ ပင်လယ်လိပ်ဥများကို MBF အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် DoF, RCA, KIFCA အဖွဲ့တို့နှင့်အတူ ပင်လယ်လိပ်ထိန်းသိမ်းရေး ကော်မတီ၊ ဒေသခံရေလုပ်သားများ စုပေါင်းကာ ထိန်းသိမ်း စောင့်ကြည့်လျက်ရှိနေကြောင်း KIFCA အသင်းမှပြောသည်။
အဆိုပါ ကျိန္တလီဒေသကမ်းနီးရေလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအား ကမ်းခြေအရှည် ၂၄ မိုင်၊ ဧကအားဖြင့် (၁၇၉၂၀၀) အား ဇုန်(၃)ဇုန်ပိုင်းခြားထားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအထူးကိုယ်စားလှယ် နှင့် EAOs (၇)ဖွဲ့ တွေ့ဆုံ၊ မြန်မာပြည်အတွက် ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေးရရှိရန် အထူးကိုယ်စားလှယ်မျှော်လင့်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ