ရုရှားနိုင်ငံတွင် ကားအစီးရေ(၅ဝ)ခန့် ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၄)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၁ဝ
ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘက်မြို့ကြားရှိ အဝေးပြေးလမ်းမပေါ်တွင် ကားအစီးရေ(၅ဝ)ခန့် ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Novgorod ဒေသယာဉ် ထိန်းရဲချုပ် Viktor Gavrilov က ပြောကြားခဲ့သည်။
၎င်းက "အဲဒီယာဉ်ဆင့်တိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးနဲ့ သူမရဲ့တစ်နှစ်အရွယ်ကလေး အပါအဝင် အနည်းဆုံး လူ(၄)ဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ အခြားလူ(၁၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော စီစီတီဗီမှတ်တမ်းများတွင် နှင်းခဲနေသော လမ်းမပေါ်မှာ ကားနှင့် ထရပ်ကား အများအပြားစုပုံနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါယာဉ်တိုက်မှုအတွင်း ကားအစီးရေ (၅ဝ) ခန့် ပါဝင်နိုင်ကြောင်း Novgorod ဒေသ အုပ်ချုပ်ရေးမှူး Andrey Nikitin က ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအေဂျင်စီများ နှင့် အရေးပေါ်ဝန်ဆောင်မှုများသည် အပျက်အစီးရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ထောက်ပံ့ကူညီပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်နိုင်ရန်အတွက် ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်း စေလွှတ် ပေးခဲ့ကြောင်းလည်း သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ အစားအစာ နှင့် သောက်စရာများအပြင် ဘတ်စ်ကားများနှင့် မိုလ်ဘိုင်းအပူပေးစက်များကို ပေးပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် မော်စကိုမြို့သို့သွားသည့် အဝေးပြေးလမ်းမကြီးကို နာရီအတော်ကြာ ပိတ်ဆို့ ထားခဲ့ရကြောင်းလည်း သိရသည်။ ယာဉ်အသေးစားများကို အခင်းဖြစ်ပွားရာနေရာအား လှည့်ပတ်ကာ ခရီးဆက်သွားနိုင်စေရန်အတွက် အခြားလမ်းကြောင်းတစ်ခုကို စီစဉ်ပေးထားသော်လည်း ကုန်တင်ကား အစီးရေ(၆ဝ)ကျော်မှာ အဝေးပြေးလမ်းမကြီးပေါ်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးနေ့အပြီးတွင် စတင်ခဲ့သော နှင်းထူထပ်စွာကျဆင်းမှုသည် ယခုသီတင်းပတ်အထိ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်တွင် အခွန်ဆောင်ထားကြောင်း အထောက်အထားပြသနိုင်ပါက ဝင်ငွေခွန် ထပ်ဆောင်ရန် မလိုအပ်ကြောင်း မြန်မာသံရုံးအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း