ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘုရားဖူးကား ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်အုတ်ကန်ကို ဝင်တိုက်မိသည့်အတွက် ကားပေါ်ပါသူ (၃)ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သက်ကြီးပိုင်းအများစု ပါဝင်သည့် ဘုရားဖူးကား၏ ယာဉ်မောင်း အိပ်ငိုက်ကာလမ်းလယ်အုတ်ကန်ကို ဝင်တိုက်မိသည့်အတွက် ကားပေါ်ပါသူ (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၉ ရက်)၊ ညနေ ၆ နာရီခွဲအချိန်က တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၃၀ နှင့် ၁ ဖာလုံအကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကားက မိသားစုဘုရားဖူးသွားတဲ့ အန်စာတုံးကားလေးပါ။ မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းလာရင်းနဲ့ ယာဉ်မောင်းအိပ်ငိုက်ပြီးတော့ လမ်းလယ်မှာရှိတဲ့ ရေကန်ကိုဝင်တိုက်တာ။ အဲဒီရေကန်က လမ်းပေါ်ကရေတွေကို သိုလှောင်ပြီး ပြန်ထုတ်တဲ့ ကန်ပေါ့” ဟု ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် King Long အမျိုးအစားကားပေါ်တွင် လိုက်ပါလာသူ (၁၂)ဦးအနက် အသက်(၄၀)နှစ်ဝန်း ကျင် အမျိုးသား(၂)ဦး နှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွာခဲ့ပြီး ကျန်အမျိုးသား(၇)ဦးနှင့် အမျိးသမီး(၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဘုရားဖူး ကားလည်းဖြစ်တယ်။ ကားပေါ်မှာလည်း လူကြီးတွေများတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား(၇)ယောက်ဆို သက်ကြီးပိုင်းလူကြီးတွေပါ” ဟု ၎င်းကဆက်လက်ပြော သည်။
ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရှိသူများအား ပလွေးအမြန်လမ်းမီးသတ်စခန်းပိုင်လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ခုတစ်ပတ်ကျော်အတွင်းကို အမြန်လမ်းမှာ ယာဉ်မတော်တစ်ဆမှုက (၉)ကြိမ်ရှိခဲ့တယ်။ အဓိကကတော့ ယာဉ်မောင်းအိပ်ငိုက်ပြီး ဖြစ်တာတွေ တော်တော်အဖြစ်များတဲ့အတွက် အိပ်ချင်လာပြီ ဆိုရင် လမ်းဘေးနားပြီး အိပ်လိုက်တာအကောင်းဆုံးပေါ့။ အမြန်လမ်း အသုံးပြုတဲ့သူတွေဆိုရင် ယာဉ်ကြံ့ခိုင်မှုတွေ စစ်ဆေးပြီးမှ မောင်းစေချင်တယ်” ဟု အထက်ပါမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၀၂ ၊ ၆ ဖာလုံ နှင့် ၇ ဖာလုံအကြား၌ ပန်းဂေါ်ဖီထုတ်များတင်လာသည့်ကား၏ ယာဉ်မောင်းအိပ်ငိုက်ကာ ရှေ့ရှိကားတစ်စီးအား ဝင်တိုက်မိမှုကြောင့် လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးနှင့်အတူ တိုးတက်သောနိုင်ငံကို တည်ဆောက်ကာကောင်းမွန်သည့်အမွေလွှဲပြောင်းပေးနိုင်ရေးကြိုးစားကြရန် လိုအပ်နေပြီဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း