မြေ အနေအထားကြောင့် သစ်ပင်ကြီးများပေါက်ရောက်မှု နည်း ပါးသော ပုပ္ပါးတောင်မကြီးပေါ်တွင် စိန်ပန်းနီ နှင့် စိန်ပန်းပြာပင်များကို စမ်းသပ်စိုက်ပျိုးမည်
Pearl (NSS) - ဇန်နဝါရီ ၉
မြေ အနေအထားကြောင့် သစ်ပင်ကြီးများပေါက်ရောက်မှု နည်းပါးသော ပုပ္ပါးတောင်မကြီးပေါ်တွင် စိန်ပန်းနီ နှင့် စိန်ပန်းပြာပင်များကို စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း ရေနံ့သာဒင်းဂါး ညီနောင်များသစ်ပင်စိုက်အဖွဲ့တည်ထောင်သူ ကိုရေနံ့သာဒင်းဂါးက ပြောသည်။
ယခင်က ပုပ္ပါးတောင်မကြီးပေါ်၌ မျိုးစေ့များကျဲခြင်း၊ သစ်ပင်ပေါက်များစိုက်ပျိုးခြင်းများပြုလုပ်ခဲ့သော်လည်း တောင်ထိပ်၌ မြေအမျိုးအစားသည် ကျောက်သားမြေမျိုးဖြစ်ခြင်း နှင့် လေတိုက်နှုန်း ပို၍မြင့်မားသဖြင့် မဖြစ်ထွန်းခဲ့ခြင်းကြောင့် တောင်ထိပ်သည် တောင်ကတုံးပုံစံဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်၊ ဇွန်လပိုင်းတွင် ပျိုးအိတ်အခွံများအတွင်း မြေကြီးများထည့်၍ သစ်မျိုးစေ့ချမည့် စနစ်မျိုးဖြင့် စမ်းသပ် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ်တော့ သစ်ပင်ကိုထမ်းမတတ်တော့ဘူး။ သစ်မျိုးစေ့ နဲ့ ပျိုးအိတ်အခွံတွေယူပြီး အပေါ်ရောက်မှ မြေကြီးကို ပျိုးအိတ်ထဲကို ထည့်လိုက်မှာ။ ပျိုးအိတ်အကြီးကြီးတွေပေါ့။ တစ်လုံးအိတ်၊ တစ်လုံးခွဲကျော် အိတ်လောက်တွေနဲ့ ထည့်လိုက်မယ်။ ထည့်လိုက်ပြီးတော့မှ သစ်ပင်မျိုးစေ့ပါ အိတ်တွေကို အဲဒီ (တောင်ထိပ်မြေကြီး) ထဲမှာ စိုက်ပျိုးခဲ့မှာပေါ့"ဟု ကိုရေနံ့သာဒင်းဂါးက NSS ကို ပြောသည်။
ထိုသို့ စိုက်ပျိုးရာတွင် ပုပ္ပါးတောင်မကြီးထိပ်၌ စိန်ပန်းနီနှင့် စိန်ပန်းပြာများကို အဓိက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရကာ တောင်မကြီးအလယ်တွင် ယခင်က အခြားသစ်စေ့များကို ကျဲသည့် ပုံစံဖြင့် စိုက်ပျိုးရာ အောင်မြင်ခဲ့သော်လည်း တောင်မကြီးထိပ်တွင်မူ အပင်ရှင်သန် ကြီးထွားရန် အခက်အခဲဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
"အဓိကက စိန်ပန်းနီ နဲ့ စိန်ပန်းပြာများ စိုက်ပျိုးမှာပေါ့။ တောင်မကြီးထိပ်မှာ အဲဒီစနစ်အောင်မြင်သွားပြီဆိုရင် အဲဒီသစ်မျိုးစေ့တွေက လေတိုက်နှုန်းအတိုင်း ရင့်ပြီးကွဲထွက်ပြီး တောင်တစ် လျှောက်မှာ သူ့အလိုလို ပျံ့သွားမှာ၊ အဓိကက အပေါ်ဆုံးမှာ စိုက်လိုက်ပြီဆိုရင် အောက်မှာ သူ့အလိုလိုကိုပါလာမှာ။ သဘာဝအတိုင်းပျံ့သွားမှာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း (၃)နှစ်အတွင်း ပုပ္ပား တောင်မကြီးတွင် အပင် ၅၀၀၀ ဝန်းကျင် နှင့် မျိုးစေ့ (၇၀၀၀၀) ဝန်းကျင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူစက်ညှပ်ပြီး ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း