ဂန္တဝင်တေးသံရှင် အဆိုတော် ဒေါ်မာမာအေး အမေရိကန်နိုင်ငံတွင် ကွယ်လွန်
ယွန်း (NSS) - ဇန်နဝါရီ ၉
ဂန္တဝင်တေးသံရှင်အဆိုတော်ကြီး ဒေါ်မာမာအေး အမေရိကန်နိုင်ငံတွင် ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးထံမှ သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံးက “ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေး ကွယ်လွန်ကြောင်းကြားသိရ၍ မြန်မာနိုင်ငံဂီတ အစည်းအရုံးအနေဖြင့်အစားထိုးမရသောဆုံးရှုံးမှုတစ်ရပ်အဖြစ် အထူးပင်နှမြောတသစိတ်မကောင်းခြင်းဝမ်းနည်းခြင်းများစွာ ဖြစ်ရပါသည်”ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
အသက်(၈၂)နှစ်ရှိပြီဖြစ်သည့် ဒေါ်မာမာအေးသည် ယနေ့ (ဇန်နဝါရီလ ၉ ရက်) မြန်မာစံတော်ချိန် နံနက်(၅)နာရီခွဲအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိမ်းမြို့တွင် နေထိုင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
“မာမာအေးဆိုတာ နိုင်ငံတစ်နိုင်လုံးမှာကျော်ကြားသလို ကမ္ဘာကသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစားထိုးလို့ရနိုင်တဲ့သူ မရှိလောက်ဘူးလို့ပဲ ဘဘတို့ကမြင်တယ်။ သူဆုံးသွားတာက ဂီတလောကအတွက် အရမ်းဝမ်းနည်းစရာကောင်းတယ်။ နောက်ပြီးတော့ ဂီတနဲ့ပတ်သက်ပြီးတော့ တန်ဖိုးရှိတဲ့ရတနာတစ်ခု ဆုံးရှုံးခြင်းဖြစ်တယ်။ ပိုပြီးဝမ်းနည်းတာက ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံမှာ ဆုံးတာမဟုတ်ပဲ သူများနိုင်ငံမှာဆုံးတာဆိုတော့ အနုပညာရှင်တွေသိုက်သိုက်ဝန်းဝန်းနဲ့ မလုပ်နိုင်တာကို စိတ်မကောင်းပိုဖြစ်တယ်”ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NSS ကိုပြောသည်။
ဒေါ်မာမာအေးသီဆိုခဲ့သည့် “မေ့ကွက်ကိုရှာ”၊ “ယုံတမ်းစကား”၊ “ချစ်သူ့နယ်မြေ”၊ “သက်ဆိုင်သူသို့” နှင့် “မောင့်အချစ်မြှားဆူး” ဆိုသည့် သီချင်းများသည် ယနေ့ထိ လူကြိုက်များ ထင်ရှားနေဆဲဖြစ်သည်။
၎င်းကို ၁၉၄၂ ခုနှစ်တွင် နှဲဆရာ ဦးအေးနှင့် ဒေါ်သန်းနှစ် (အဆို တော် မြောင်းမြသန်း)တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိအဆိုတော် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဂန္တဝင်အဆိုတော် ဒေါ်မာမာအေးသည် သီချင်းများအပြင် “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကားများတွင်လည်း သရုပ်ဆောင်ထားခဲ့ပြီး ထုတ်လွှင့်ထွက်ရှိခဲ့သည့် ရေဒီယိုတေးဓာတ်ပြားတေးစုနှင့် ရုပ်ရှင်တေးစုစုပေါင်း (၅၅)ပုဒ်ခန့်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပန်းဂေါ်ဖီထုတ်များတင်လာသည့် (၆)ဘီးကားက အဝတ်အ ထည်များတင်လာသော(၆)ဘီးကားကိုဝင်တိုက်ရာမှ (၂) ဦးဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ