အာဆီယံအထူးကိုယ်စားလှယ်နှင့် EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ UEC ဥက္ကဋ္ဌတို့ကြား တွေ့ဆုံပွဲ(၂)ခုကို မကြာခင်ရက်ပိုင်း၌ ကျင်းပမည်
မျိုးကြီး (NSS) - ဇန်နဝါရီ ၈
အာဆီယံအထူးကိုယ်စားလှယ်နှင့် EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ UEC ဥက္ကဋ္ဌတို့ကြား တွေ့ဆုံပွဲ (၂)ခုကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ဖြစ်လာသော လာအိုနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာအာဆီယံ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အဖြစ် Alounkeo Kittikhoun ကို ဇန်နဝါရီ ၁ ရက်တွင် ခန့်အပ်ခဲ့သည်။
အဆိုပါအထူးကိုယ်စားလှယ်အနေဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
မကြာခင်အချိန် ဇန်နဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
“အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ပထမဦးဆုံး မြန်မာပြည်ခရီးစဉ်မှာတော့ ကျွန်တော်တို့ NCA-S-EAOs (၇)ဖွဲ့ကို ဖိတ်ထားတာရှိပါတယ်။ ဇန်နဝါရီ (၁၀)ရက်နေ့မှာ တွေ့ဖြစ်မှာ။ နေပြည်တော်မှာပဲ။ ဖိတ်ထားတာတော့ တစ်ဖွဲ့ချင်းစီရဲ့ဥက္ကဋ္ဌတွေကို လိပ်မူပြီး ဖိတ်ထားတာဖြစ်လို့ အကုန်လုံးသွားဖြစ်လား၊ မဖြစ်လားဆိုတာ ကျွန်တော် လည်း အတိအကျမသိဘူး။ ကျွန်တော် သိရသလောက်ကတော့ (၅)ဖွဲ့ကတော့ သွားဖို့ confirm ဖြစ်တယ်။ ကျန်တဲ့ နှစ်ဖွဲ့ကတော့ လောလောဆယ် မသိရသေးဘူး” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကို ပြောသည်။
၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် နစက၏ NSPNC က EAOs အဖွဲ့များကို ဖိတ်ကြားထားခြင်းဖြစ်ပြီး NCA လက်မှတ်ထိုးထားသော PNLO၊ DKBA၊ KNU/KNLA-PC၊ LDU နှင့် ALP တို့က တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အကြပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် လာအိုနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ သည် အရေးတယူဆောင်ရွက်လိုသည့်ဆန္ဒများ ရှိသည်ဟု ရှု့မြင်နိုင်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် UEC ဥက္ကဋ္ဌဦးသိန်းစိုး အပါအဝင် မှတ်ပုံတင် ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီများသည်လည်း ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒါက ကောင်းတဲ့တွေ့ဆုံမှုပဲ။ သူ(အထူးကိုယ်စားလှယ်)က ၁ ရက်နေ့က စခန့်တာဗျ။ လာအိုက အာဆီယံ ဥက္ကဋ္ဌရာထူးကို ယူတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အထူးသံတမန်ကို တန်းပြီးခန့်တယ်။ အတွေ့အကြုံရှိတဲ့ လာအိုနိုင်ငံ ရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးကို တာဝန်ပေးလိုက်တာ။ လာအိုဘက်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စပြီး ချဉ်းကပ်နေပြီလေ။ အဲဒါက ကောင်းတဲ့အလားအလာပဲ” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို ပြောသည်။
အဆိုပါတွေ့ဆုံပွဲ၌ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း နှင့် ရွေးကောက်ပွဲဖော်ဆောင်ရန်အလားအလာ စာတမ်းများကိုလည်း နိုင်ငံရေးပါတီများက ဖတ်ကြားတင်ပြရန်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော လျှပ်စစ်ဝန်ထမ်း (၁၆)ဦး ပြန်လည်လွတ်မြောက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ