ခမ်းပတ်မြို့နယ်ခွဲအတွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးငယ် အပါအဝင် (၁၅)ဦးထက်မနည်း သေဆုံးခဲ့
မြူနစ် (NSS) - ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲရှိ ကနန်ရွာ၌ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကလေးငယ် အပါအဝင် လူ(၁၅)ဦး ထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များသည် ယမန်နေ့(ဇန်နဝါရီ ၇ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် ကနန်ရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကနန်ရွာ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်သည် လေကြောင်းဖြင့် (၂)ကြိမ် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ၎င်းနေ့ နံနက်ပိုင်း၌ လေကြောင်းပျံသန်းမှုမရှိကြောင်း နှင့် တပ်မှ ဗုံးကျဲသည်ဆိုသောသတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။
“ခမ်းပတ်မြို့နယ်ခွဲမှာရှိတဲ့ ကနန်ရွာပေါ့။ ဒါပေမယ့် ခမ်းပတ်နဲ့က တံတားပဲခြားတာ။ ဒီနေ့ (၁ဝ) နာရီလောက်မှာ နှစ်ကြိမ် လာကျဲတာ။ လက်ရှိကတော့ အလောင်း(၁၅)လောင်းတွေ့တယ်။ ဘုရားကျောင်းတစ်ခုထဲ မဟုတ်ဘူး။ ဘုရားကျောင်းနဲ့ စာသင်ကျောင်းနားကို ကျတာလေ။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း ထိတယ်။ စာသင်ကျောင်းလည်း ထိတယ်။ အဲဒီနားနဲ့နီးတဲ့ လူနေရပ်ကွက်တွေရော အကုန်ထိတာ။ အယောက်(၃ဝ) လောက် ဒဏ်ရာရထားတာရှိတယ်” ဟု ခမ်းပတ်မြို့ နယ်ခွဲရှိ ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ကနန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကလေးငယ် အပါအဝင် လူ(၁၅)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ၎င်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းစီဖြစ်နေသည့် လူသေအလောင်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ၂ဝ၂၃ ခုနှစ် ဧပြီလအတွင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ NUG ရုံးဖွင့်ပွဲကို တပ်မတော်က တိုက်ခိုက်ခဲ့မှုအပြင် အခြားသောမိုင်းသိုလှောင်ရုံများ ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် လူအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဂုံတိုင်ဂုံးကျော်တံတား ဘေးဘောင်ကို ယာဉ်ဖြင့်ဝင်တိုက်မိခဲ့သော တက္ကစီယာဉ်မောင်း လက်တစ်ဖက်ပြတ်ကျ ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း