တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံရေးပါတီ(၄၀)ကျော်တို့ မကြာခင်အချိန်ပိုင်းအတွင်း တွေ့ဆုံမည်
မျိုးကြီး(NSS) - ဇန်နဝါရီ ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ(၄၀)ကျော်တို့သည် မကြာခင်အချိန်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို ယနေ့(ဇန်နဝါရီလ ၅ ရက်) နေ့လည် ၁ နာရီအချိန်ခန့်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
“ပါးစပ်လေးနဲ့ပဲ ဖိတ်လိုက်တာ ညစာစားပွဲမှာပေါ့။ မနက်ဖြန် မပြန်နဲ့အုံးပေါ့။ ပထမတော့ မနက် ၁၀ နာရီမှာ လူကြီးနဲ့တွေ့မယ်တဲ့။ ဒါပေမဲ့ ပြန်ခါနီးကျတော့ နေ့ခင်း ၁ နာရီမှာ တွေ့မယ်တဲ့။ နိုင်ငံရေးပါတီ (၄၀)ကျော်နဲ့ တွေ့မယ့်သဘောပေါ့” ဟု ပြည်သူ့ရှေ့ဆောင်ပါတီယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက NSS ကို ပြောသည်။
ယမန်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော နိုင်ငံရေးပါတီ (၄၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကိုတော့ ၁ နာရီချိန်းပါတယ်။ မနေ့က ညစာစားပွဲရောက်မှပဲ အဲဒီဟာကို လာပြောတာပေါ့။ သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)မရောက်ခင်လေးမှာ လာပြောတယ်။ ဘာတွေ ဆွေးနွေးဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။ သူက ဘာမေးမှာလဲ။ ဘာအကြောင်းအရာကို တင်မှာလဲ။ တင်တဲ့အကြောင်းအရာကို မူတည်ပြီးတော့မှ အဲဒီအကြောင်းအရာနဲ့ လိုက်လျောညီအောင် ဒီဘက်က သုံးသပ်ဆွေးနွေးတင်ပြရမှာပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံမှုသည် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်ခွင့်ပြန်လည်လျှောက်ထားသော ပါတီပေါင်း (၆၅)ခုအနက် (၄၇)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ ထပ်မံပြုလုပ်မယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ