၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မောင်းများ၏ မချေမငံပြောဆိုမှုများ အပါ အဝင် အမှုပေါင်း (၃၂၀၀၀)ကျော်ကို အရေးယူထားကြောင်း YRTC ဆို
စော (NSS) - ဇန်နဝါရီ ၄
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မောင်းများ၏ မချေမငံပြောဆိုမှုများ အပါအဝင် အမှုပေါင်း (၃၂၀၀၀)ကျော်ကို အရေးယူထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း YBS ယာဉ်မောင်းများ ဖမ်းဆီးအရေးယူခံရသည့် အမှုပေါင်း (၃၂၆၆၈)မှုရှိခဲ့ပြီး ဒီဇင်ဘာလတွင် အမှုပေါင်း (၆၆၅၈)မှုဖြင့် ယာဉ်စည်းကမ်းချိုးဖောက်သည့် အများဆုံးလဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလတွင် မှတ်သားဖမ်းဆီးမှု (၄၀၃၅)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၁၅၃၃)မှုနှင့်မဆင်မခြင်မောင်းနှင်မှု (၄၃၈)မှုတို့သည် အခြားအမှုများထက် အများဆုံး စည်းကမ်းချိုးဖောက်ခဲ့ကြောင်း သိရသည်။
“ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ အမှုပေါင်း ၃သောင်းကျော်လောက် ဖမ်းဆီးတာတွေရှိတယ်။ ကျွန်တော်တို့က YBS စနစ်တကျဖြစ်ဖို့၊ ယာဉ်မောင်းတွေက စည်းကမ်းနဲ့အညီမောင်းနှင်ဖို့ ဖမ်းဆီးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒဏ်ကြေးငွေလိုချင်တာမဟုတ်ပါဘူး။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းပြီး ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု YRTC မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါ အမှုပေါင်း (၃၂၆၆၈)မှုတွင် စစ်ဆေးရေးအဖွဲ့(၅)ဖွဲ့မှ မှတ်သားဖမ်းမှု (၂၃၉၈၅)မှု၊ တိုင်ကြားမှု (၈၆၄)မှု၊ Facebook အမှု (၆)မှု၊ မီးနီဖြတ်မောင်းမှု (၂၂၀၃)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၂၅၂၆)မှုနှင့် သတ်မှတ်လမ်းကြောင်းအတိုင်းမမောင်းနှင်မှု (၃၁၇)တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၆၅၃)မှု၊ နယ်ကျော်မှု (၁)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၅၀၅)မှု၊ တစ်စီးနှင့်တစ်စီးယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု (၇၅၂)မှု မချေမခံပြောဆိုမှု (၅)မှုနှင့် အခြားအမှုက (၈၅၁)မှုတို့ဖြစ်ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ မှ ဒီဇင်ဘာလ ၂၁ ရက်အထိ YBS ယာဉ်များ၏ ယာဉ်တိုက်မှု (၆၃)ခုနှင့် အခြားမှု (၇)မှု စုစုပေါင်း (၇၀)မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၂၈)ဦးနှင့် ဒဏ်ရာရရှိသူ (၁၀၂)ဦး ရှိခဲ့ကြောင်း YRTC ၏အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် စစ်တပ်ကိုဖြန့်ကျက်ချထား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း