“အ”သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော်မည်
ယွန်း (NSS) - ဇန်နဝါရီ ၄
“အ”သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသအချို့တွင် ဘာသာစကားအခက်အခဲများ အပါအဝင် ပညာရေးအားပေးမှု နည်းပါးခြင်း နှင့် အခြားသောစိန်ခေါ်မှုများကြောင့် ပညာရေးအားနည်းသည်ကို တွေ့ရှိနေရကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထို့ကြောင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူအားလုံး စာတတ်မြောက်ရန်နှင့် အတန်းပညာများတတ်မြောက်ရန် မလွဲမသွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ယခင်“အ”သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတနာရှင်ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဒေသခံပညာတတ်များ၊ ဒေသခံဝန်ထမ်းများက တိုင်းရင်းသားဘာသာစကား သင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ၏ အကူအညီရယူကာ နိုင်ငံတစ်ဝန်းအမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းအရ နိုင်ငံအတွင်း၌ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် (၄ ဒသမ ၁)သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ပြည်နယ်နှင့်တိုင်းအသီးသီး၌ စာမတတ် မြောက်သော အမျိုးသမီးရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နဲ့ တရုတ်တို့ အပြိုင်အဆိုင်စစ်ရေးလေ့ကျင့်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း