အစ္စရေးသို့ ခဲယမ်းမီးကျည်များ အရေးပေါ်ရောင်းချရန် အမေရိကန်အစိုးရအတည်ပြု
Pika (NSS) - ဒီဇင်ဘာ ၃ဝ
အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ (၁၄၇ ဒသမ ၅)သန်း တန်ဖိုးရှိ (၁၅၅)မီလီမီတာအမြောက်ကျည်များနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်ရောင်းချရန် အတည်ပြုချက်ကို ဒီဇင်ဘာလ(၂၉)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ထို့ပြင် အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံသို့ (၁၂၀)မီလီမီတာ တင့်ကားကျည်(၁၄၀၀၀)နီးပါးရောင်းချရန် အတည်ပြုချက်ကို ယခုလအစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ဖူးကြောင်းသိရသည်။ အဆိုပါစစ်လက်နက်ပစ္စည်းများကို အစ္စရေးအစိုးရထံ ချက်ချင်းရောင်းချရန်လိုအပ်သည့် အရေးပေါ်အခြေ အနေတစ်ရပ်ရှိကြောင်း နှင့် အမေရိကန်လွှတ်တော်သည် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ရန်လိုအပ်ချက်ကို စွန့်လွှတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် "အစ္စရေးဟာ ဒေသတွင်းခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ သူတို့ရဲ့ကာကွယ်ရေးတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ဒီစွမ်းရည်ကို အသုံးပြုသွားပါလိမ့်မယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ ခဲယမ်းမီးကျည်တွေ အသုံးပြုခွင့်က နိုင်ငံတိုင်းမှာရှိပါတယ်"ဟု ရေးသားထားသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။ ထို့နောက် အစ္စရေးဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် ပါလက်စတိုင်းလူမျိုး (၂၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အစ္စရေး၏ ထိုးစစ်ဆင်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ပျက်စီးမှုများနှင့် အရပ်သားများသေဆုံးမှုတို့ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲ အပစ်ခတ်ရပ်စဲရန် နိုင်ငံ တကာအသိုင်းအဝိုင်းမှ တောင်းဆိုမှုများလည်း ပိုမိုများပြားလာခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့သည်။ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာလျှင် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်၌ ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ