ဗြိတိန်စစ်သင်္ဘောရောက်ရှိလာမှုနှင့်အတူ ဂိုင်ယာနာ နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ
Pika (NSS) - ဒီဇင်ဘာ ၃ဝ
ဗင်နီဇွဲလားနိုင်ငံ နှင့် ဂိုင်ယာနာနိုင်ငံကြား နယ်နမိတ်အငြင်းပွားမှုများ ပိုမိုပြင်းထန်လာမှုနှင့်အတူ ဗြိတိန်ကင်းလှည့်သင်္ဘော HMS Trent သည် ဒီဇင်ဘာလ(၂၉)ရက် ညနေပိုင်းတွင် ဂိုင်ယာနာကမ်းခြေသို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ထို့ပြင် HMS Trent သင်္ဘော၏ တွစ်တာအကောင့်တွင် ဂိုင်ယာနာနိုင်ငံဆိုင် ရာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းမီလာနှင့် ဂိုင်ယာနာကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအိုမာခန်းတို့ကို သင်္ဘောသားများက ကြိုဆိုနေသည့် ဓါတ်ပုံများကို တင်ထားကြောင်းလည်းသိရသည်။ ဂိုင်ယာနာနှင့် ဗင်နီဇွဲလားတို့သည် ဖလော်ရီဒါပြည်နယ်အရွယ်အစားခန့်ရှိသော ရေနံနှင့်သတ္တုကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သော Essequibo ဒေသနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဒေသသို့ စစ်သင်္ဘောတစ်စီးစေလွှတ်ရန် ဗြိတိန်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ဂိုင်ယာနာနှင့် ဗင်နီဇွဲလားနိုင်ငံကြား အငြင်းပွားမှုများမှာ ယခုသီတင်းပတ်အတွင်း ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဗြိတိန်အစိုးရ၏ လှုပ်ရှားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဗင်နီဇွဲလားအစိုးရသည် ဂိုင်ယာနာနယ်စပ်အနီးရှိ ကာရေဘီယန်ဒေသ အရှေ့ပိုင်းတွင် ၎င်း၏တပ်ဖွဲ့ဝင်(၅၀၀၀)ခန့်ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
HMS Trent သင်္ဘောသည် ဂိုင်ယာနာစစ်တပ်နှင့်အတူ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ HMS Trent သင်္ဘောကို ပင်လယ်ဓါးပြများနှင့် မူးယစ်ဆေးဝါးမှောင်ခိုသမားများကို ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်ရန်အတွက် ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသော်လည်း အဆိုပါကင်းလှည့်သင်္ဘောသည် မကြာသေးမီအချိန်အတွင်း အနောက်အာဖရိကနိုင်ငံအများအပြား၏ ရေတပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ HMS Trent သင်္ဘောတွင် အမြောက်များပါဝင်သလို ရဟတ်ယာဉ်များနှင့် ဒရုန်းများအတွက် ဆင်းသက်ကွင်းတစ်ကွင်းပါရှိပြီး တပ်ဖွဲ့ဝင် အယောက်(၅၀)ဝန်းကျင် သယ်ဆောင်နိုင်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲသို့လာရောက်သူ များအတွက် YBS ယာဉ်များကို ည(၁၂)နာရီအထိ ပြေးဆွဲသွားမည်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ