စစ်ပွဲ၏ ကာဗွန်ခြေရာများ (ဘာသာပြန်ဆောင်းပါး)
Htay Oung (NSS) - ဒီဇင်ဘာ ၂၉
တိုက်ပွဲများ ရပ်စဲပြီးတိုင် ဆယ်စုနှစ်များစွာကြာအောင် မြေဆီလွှာနဲ့ ရေကို ညစ်ညမ်းစေတဲ့ အဆိပ်သင့်ဓာတုပစ္စည်း များ ကြွင်းကျန်ရစ်ခြင်းဖြင့် စစ်ပွဲဟာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးရွားကြောင်း သိရှိထားပြီးဖြစ်ကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခများမှ ကာဗွန်ထုတ်လွှတ်မှုနဲ့ ရာသီဥတုအပေါ် ရေရှည်အကျိုးသက်ရောက်မှုတွေကို လူအများအလွယ်တကူ မတွေ့မြင်နိုင်ခြင်းမရှိကြောင်း လန်ဒန် ကွင်းမေရီတက္ကသိုလ် စီပွားရေးစီစံခန့်ခွဲမှုဌာန အကြီးတန်း ကထိက ဘင်ဂျမင်_နီမတ်က ရေးသားတယ်လို့ Dhaka Tribune က ဒီဇင်ဘာလ ၂၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာကြီးပူနွေးမှုကိုဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အမေရိကန်စစ်တပ်တစ်ခုတည်းက ကမ္ဘာ့ နိုင်ငံပေါင်း ၁၅ဝ ကျော်ထက် ပိုမိုများပြားတယ်လို့ ခန့်မှန်းထားကြပါတယ်။ စစ်မက်ရေးရာကိစ္စများနဲ့ ရာသီဥတု ပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုနဲ့ပတ်သက်တဲ့ဆွေးနွေးမှုများကို မကြာခဏပြုလုပ်နေပေမယ့် ရာသီဥတုဒဏ်ခံ နေရတဲ့အခင်းအကျင်းကာလမှာ ကမ္ဘာ့လုံခြုံရေးအတွက် အနာဂတ်အန္တရာယ်များအကြောင်းကိုသာ အာရုံစိုက်နေ ကြပါတယ်။ သူတို့ရဲ့စစ်လက်နက်ယန္တရားများကို သဘာဝပတ်၀န်းကျင်နဲ့အညီဖြစ်စေဖို့အတွက် နိုင်ငံတကာ စစ်တပ်တွေအနေနဲ့ အပေါ်ယံသဘောလောက်သာ အားထုတ်မှုရှိနေကြပါတယ်။ လျှပ်စစ်တင့်ကားများ (သို့မဟုတ်) ဇီဝလောင်စာသုံး စစ်သင်္ဘောများ တီထွင်ခြင်း အပါအဝင် အထူးသဖြင့် စစ်မက်ကာလအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် ဘယ်ပုံဘယ်နည်း ဆက်စပ်ကြောင်း ဆွေးနွေးမှု အနည်းငယ်မျှသာ ရှိသေးတယ်။
စစ်တပ်တို့ထုံးစံ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ငြိမ်းချမ်းရေးကာလဖြစ်သည့်တိုင် ကာဗွန်ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့တွက်ချက်မှုများအတွက် လိုအပ်တဲ့အချက်အလက်များကို ရယူဖို့ အလွန်ခက်ခဲပါတယ်။ အဲဒီအခါ တွက်ချက်ရမယ့်ကိစ္စဟာ အဓိကအားဖြင့် သုတေသီများအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ စစ်မက် ကာလ ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်တဲ့အသေးစိတ်မှတ်တမ်းများကို ထုတ်ပြန်ပြီး ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) ထံ ပွင့်လင်းမြင်သာစွာ တင်ပြပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုနေရပါတယ်။
ဒီနေရာမှာ စစ်မက်ကိစ္စများမှ ဓာတ်ငွေ့ထုတ်လွှတ်မှုဖြစ်ပေါ်စေပုံ နည်းလမ်းအချို့နဲ့ သုတေသီများရဲ့ ခန့်မှန်းပုံ များကို အနည်းငယ် ရှင်းပြလိုပါတယ်။ အချို့ဟာ တိုက်ရိုက်ထုတ်လွှတ်ခြင်းဖြစ်ပြီး အချို့ကတော့ သွယ်ဝှိုက်သော နည်းလမ်းအားဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့များကို ထုတ်လွှတ်နေကြပါတယ်။
အချို့သော စစ်ဘက်ဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်တွေဟာ တိုက်ပွဲအတွင်း သိသိသာသာတိုးမြင့်လာပေမယ့် စစ်မက် ဖြစ်ပွားချိန်ကာလမှာသာ တွေ့ရှိရတယ်လို့ အတိအကျမပြောနိုင်ပါဘူး။ လေယာဉ်များအတွက် ဂျက်လေယာဉ်သုံး လောင်စာဆီ၊ တင့်ကားများနဲ့ စစ်သင်္ဘောများအတွက် ဒီဇယ်ဆီတို့ဟာ အဓိကရင်းမြစ်များ ဖြစ်နေပါတယ်။
အခြားရင်းမြစ်များကတော့ လက်နက်နဲ့ ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်း၊ တပ်အင်အားဖြန့်ကျက်ခြင်း၊ စစ်ဘက်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လက်နက်ရိက္ခာထောက်ပံ့ခြင်းများ ပါဝင်ပါတယ်။ အဲဒီနောက် မီးလောင်ကျွမ်းမှု၊ မီးခိုးများနဲ့ အပျက်အစီးများ အပါအဝင် ဗုံးများကြဲချခြင်းကြောင့် နေအိမ်များနဲ့ အခြေခံ အဆောက်အအုံများ ပျက်စီးမှုအားလုံးတို့ဟာ စစ်ကြောင့် ထိခိုက်ယိုယွင်းရာမှ ကြီးမားတဲ့ကာဗွန်စစ်ပွဲရဲ့ခြေရာများ အဖြစ် ကြွင်းကျန်ထားရစ်ခဲ့ကြပါတယ်။
အဲဒီကာဗွန်ကြွင်းကျန်အားလုံးကို ထည့်သွင်းတွက်ချက်ရန်အတွက် အတိုင်းအတာ အဆင့် ၁၊ ထုတ်လွှတ်မှုလို့ လူသိများတဲ့ အိတ်ဇောပိုက် ထုတ်လွှတ်မှုဆိုင်ရာ အခြေခံအချက်အလက်များနဲ့စတင်မှ ရပါလိမ့်မယ်။ ဥပမာ-လေယာဉ်အင်ဂျင်အတွင်း လောင်စာဆီများလောင်ကျွမ်းရာမှ တိုက်ရိုက်ထုတ်လွှတ်တဲ့ကာဗွန်ဖြစ်ပါတယ်။ အကယ်၍ ဂျက်လေယာဉ်အမျိုးအစားတစ်စီးဟာ တစ်ကီလိုမီတာပျံသန်းတိုင်း လောင်စာဆီ ဘယ်လောက် သုံးစွဲကြောင်း သိရှိမယ်ဆိုလျှင်၊ မစ်ရှင်အချို့မှာ လေယာဉ်အုပ်တစ်ခုလုံးက ကာဗွန်ဘယ်လောက် ထုတ်လွှတ်မယ် ဆိုတာ စတင်ခန့်မှန်းနိုင်ဖွယ်ရှိပါတယ်။
အတိုင်းအတာ အဆင့် ၂၊ ထုတ်လွှတ်မှု ဆိုတာ အပူပေးခြင်း (သို့မဟုတ်) လျှပ်စစ်မှထုတ်ယူခြင်းမျိုးလို သီးသန့် လုပ်ဆောင်မှုတစ်ခုရဲ့သွယ်ဝိုက်တဲ့ရလဒ်ဖြစ်ပါတယ်၊ ဥပမာ- စစ်တပ်တန်းလျားများ အလင်းရောင်ရရှိဖို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့မီးရှို့ခြင်းမှ ထုတ်လွှတ်သောကာဗွန်ပမာဏဖြစ်ပါတယ်။
သွယ်ဝိုက် (သို့မဟုတ်) ပေါင်းစပ်ထုတ်လွှတ်မှုရဲ့ ရှုပ်ထွေးတဲ့နောက်ဆက်တွဲများကို တွက်ချက်ခြင်းဟာ အတိုင်း အတာ အဆင့် ၃၊ ထုတ်လွှတ်မှုကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပါတယ်။ အဲဒါမျိုးကို ကျယ်ပြန့်တဲ့စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များမှာ တွေ့ရှိရပြီး လက်နက်ထုတ်လုပ်ခြင်းမှ အိုင်တီနည်းပညာအသုံးပြုခြင်းနဲ့ အခြား ထောက်ပံ့ပို့ဆောင်ရေးများအထိ ကာဗွန်ကြွင်းကျန်စေတဲ့ ဘယ်လိုအရာဝတ္ထုမျိုးမှမဆိုလည်း ပါဝင်ပါတယ်။
တိုက်ပွဲများဖြစ်ပွားရာမှ ကာဗွန်ထုတ်လွှတ်မှုများကို ပိုမိုထိရောက်စွာ လေ့လာဖို့အတွက် အတိုင်းအတာ အဆင့် ၃ နဲ့ ပလပ်စ် ထုတ်လွှတ်မှု Scope 3 Plus ကို စတင်နေပါတယ်။ စစ်ပွဲကြောင့်ပျက်စီးမှုများမှ ပဋိပက္ခအပြီး ပြန်လည် တည်ဆောက်ရေးအထိ အရာအားလုံးပါဝင်သည့် အတန်းအစားခွဲခြားနည်းအသစ်ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ဂါဇာ (သို့မဟုတ်) ယူကရိန်းရှိ မာရီယူပိုလ်မြို့ကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကြီးကြီးမားမား ပါဝင်နေပါလိမ့်မယ်။
ယခုနောက်ဆုံး သုတေသနပြုချက်အရ အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်ရဲ့ကွန်ကရစ်အသုံးပြုမှုကို ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ပိုင်းခြားတွက်ချက်မှုအချို့ ပြောပြပါ့မယ်။ ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်စဉ် အမေရိကန် စစ်တပ် ဟာ သူတို့ရဲ့မြို့ပြသောင်းကျန်းသူနှိမ်နင်းရေးဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ကွန်ကရစ်တံတိုင်းများကို မိုင်ရာနဲ့ပြီး ချထားခဲ့ပါတယ်။ သောင်းကျန်းသူများ ထောင်ထားတဲ့ဗုံးများကြောင့် ပျက်စီးဆုံးရှုံးရမှုများကို ကာကွယ်ဖို့၊ တရားဝင်ခွင့်ပြုထားတဲ့ လမ်းများနဲ့ စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြို့တွင်းရှိ အရပ်သားများနဲ့ သောင်းကျန်း လှုပ်ရှားမှုများကို စီမံကိုင်တွယ်နိုင်ဖို့ဖြစ်ပါတယ်။
အဲဒီနေရာမှာ ကွန်ကရစ်အသုံးပြုမှုအတွက် ကြီးမားတဲ့ကာဗွန်ခြေရာကို တွေ့ရှိရပြီး တစ်ကမ္ဘာလုံး ကာဗွန်ဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၇ ရာခိုင်နှုန်း နီးပါးရှိပါတယ်။ ဘဂ္ဂဒက်တစ်မြို့တည်းရှိ ကွန်ကရစ်တံတိုင်း များဟာ လန်ဒန်မှ ပါရီအထိ အကွာအဝေးထက် ၂၅၆-မိုင် ပိုမိုရှည်လျားပါတယ်။ နံရံတွေအတွက် ခန့်မှန်းခြေအား ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂ဝဝ,ဝဝဝ အပြင် CO2e လို့ခေါ်တဲ့ ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အလားတူ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်၊ အိုဇုန်းနဲ့ ရေခိုးရေငွေ့တို့ရဲ့ပမာဏဟာ ယူကေ တစ်နိုင်ငံလုံး မော်တော်ကား အိတ်ဇောမြားရဲ့တစ်နှစ်တာ (သို့မဟုတ်) ကျွန်းနိုင်ငံငယ်တစ်ခုလုံးရဲ့ စုစုပေါင်း ဓါတ်ငွေ့ထုတ်လွှတ်မှုနဲ့ အကြမ်းအားဖြင့် ညီမျှနေပါတယ်။
ယူကရိန်းနိုင်ငံမှာလည်း ရုရှားရဲ့ကျူးကျော်မှုကြောင့် ကာဗွန်သက်ရောက်မှုကို တွက်ချက်ရာမှာ အထက်ဖော်ပြပါ အချက်များအပြင် အခြားအကျိုးဆက်အားလုံးကို ပေါင်းထည့်ဖို့ကိစ္စဟာ အလွန်ကြီးမားတဲ့တာဝန်တစ်ရပ် ဖြစ်လာ ပါတယ်။ စစ်ဘက်ဆိုင်ရာတို့က ထုတ်လွှတ်မှုများကို အချိန်နဲ့တပြေးညီနီးပါး ထည့်သွင်းတွက်ချက်ရတဲ့အတွက် အလွန်ခက်ခဲပြီး ယခင်အတွေ့အကြုံများနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။
စစ်ပွဲပထမ တစ်နှစ်တည်းမှာပဲ ဒေသအတွင်း ကာဗွန်ခြေရာအဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အလားတူဓါတ်ငွေ့ တန်ချိန် သန်းပေါင်း ၁၂ဝ အထိရှိနေလိမ့််မယ်လို့ သုတေသီများက ခန့်မှန်းကြပါတယ်။ အကြမ်းဖျင်းအားဖြင့် နေတိုး စစ်စာချုပ်အဖွဲ့ကြီးရဲ့တစ်နှစ်တာ ဓါတ်ငွေ့ထုတ်လွှတ်မှုဖြစ်ပြီး ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းများ တစ်မျိုးတည်း သက်သက်တင် တန်ချိန် နှစ်သိန်းဝန်းကျင် ရှိနေပါတယ်။
အထူးသဖြင့် ယူကရိန်းနဲ့ အစ္စရေး-ဂါဇာစစ်ပွဲများရဲ့ပဋိပက္ခအရင်းခံ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် အလေးထားတွက်ချက်နေရခြင်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ (PERAC) ဥပဒေမူကြမ်း ၂၇ ချက်အရ ဖြစ်ပါတယ်။
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ အတည်ဖြစ်ခဲ့တဲ့ အဲဒီဥပဒေဟာ ခြေလှမ်းသစ်တစ်ခုမျှသာဖြစ်ပြီး ပဋိပက္ခကာလအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်လို့ ပြောစရာအချက် အနည်းငယ်ကျန်ရှိနေပါသေးတယ်။
နိုင်ငံအစိုးရအဖွဲ့အစည်းများဟာ စစ်ဘက်ဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ တိကျစွာ သတင်းထုတ်ပြန်ဖို့အတွက် တာဝန်ရှိနေပါတယ်။ လူအများတို့ဟာ လက်နက်ကိုင်ပဋိပက္ခ၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ကို ချိတ်ဆက်ဖို့ စတင်နေကြပါတယ်။ ဒါပေမယ့် ခေါင်းစဉ်ပါ ရည်ရွယ်ချက်အတိုင်း အစီရင်ခံမှု နည်းပါးနေပြီး မလေ့လာရသေးချက်တွေ များပြားနေပါတယ်။ ဒီအတွက် အဲဒီလက်သိပ်ထိုးဆောင်ရွက်နေကြတဲ့ စစ်ပွဲရဲ့သွင်ပြင်အမှန်တိုင်း မီးမောင်းထိုးပြရမယ့်အချိန်ကို ရောက်ရှိလာတယ်လို့ ကွင်းမေရီတက္ကသိုလ် စီပွားရေးစီစံခန့်ခွဲမှုဌာန အကြီးတန်းကထိက ဘင်ဂျ မင်နီမတ်က ရေးသားပါတယ်။
#ကာဗွန်ခြေရာ #ကမ္ဘာကြီးပူနွေးလာမှု_ဖန်လုံအိမ်ဓါတ်ငွေ့ #ယူကရိန်းစစ်ပွဲ #ဘဂ္ဂဒက်တံတိုင်း #ကာဗွန်ဒိုင်အောက်ဆိုက်_အလားတူဓာတ်ငွေ့ #အစ္စရေး_ဂါဇာပဋိပက္ခ
(Dhaka Tribune., 25 December 2023, What is the carbon footprint of a war? ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသားတွေကို လောက်ကိုင်မြို့မှ အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုရတဲ့အကြောင်းအရင်းကို တရုတ်အစိုးရ ထုတ်ဖော်ပြော
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ