ကျေးရွာနှစ်ရွာအား အုပ်ချုပ်ရသည့် အုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့ကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်သတ်ဖြတ်ခဲ့
ကျော် (NSS) - ဒီဇင်ဘာ ၂၈
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာနှစ်ရွာအားအုပ်ချုပ်ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား PDF အဖွဲ့ဝင်များက ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၏ ရေတာ ကျေးရွာ နှင့် ကျေးပင်အင်ကျေးရွာတို့အား အုပ်ချုပ်ရသည့် ကျေးပင်အင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီးနောက် နေအိမ်၌ရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်ဇနီးဖြစ်သူ ဒေါ်ခင်ဌေးမြင့် တို့အား သေနတ်ဖြင့် (၁ဝ)ချက်ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
"အုပ်ချုပ်ရေးမှူးနဲ့ သူ့အမျိုးသမီးကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဝင်ပစ်သွားတာလို့သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာတွေ့တယ်။ နောက်ပြီး အိမ်ထဲကနေ လက်နက်/ခဲယမ်းတွေလည်း တွေ့လို့ယူသွားတယ်ဆိုပြီးတော့လည်း တွေ့ပါတယ်။ လတ်တလော ရုပ်အလောင်းတွေက ဆေးရုံမှာပါ" ဟု အုတ်ဖိုမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦး က ပြောသည်။
PDF အဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းနိုင် နှင့် ၎င်း၏ ဇနီးဖြစ်သူဒေါ်ခင်ဌေးမြင့်တို့အား ပစ်ခတ် သတ်ဖြတ်ပြီးနောက် နေအိမ်အတွင်း မွှေနှောက်ရှာဖွေမှုများပြုလုပ်ရာ လက်ပစ် ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးတို့ကို ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွမ်းယာရောင်းနေသည့်အမျိုးသမီးကို ဆိုင်အတွင်းဝင်ရောက်၍ ဓားဖြင့်ထိုးခဲ့မှု စစ်ကိုင်းမြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း