မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်
Pearl (NSS) - ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ၏ဓာတ်အားလိုအပ်ချက် ပြည့်မီရန် မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က ဗီယင်ကျင်းမြို့၌ ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်း အဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းသည်။
“မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုတယ်။ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းရဲ့ FSR ပြီးစီးမှုနဲ့ FSR အပေါ် စိစစ်သုံး သပ်ချက်တွေအရ နည်းပညာနှင့် စီးပွားရေး တွက်ချေကိုက်မှုအပေါ်မူတည်ပြီး စီမံကိန်းအကောင် အထည်ဖော်နိုင်ရေးကို နှစ်နိုင်ငံအစိုးရတွေထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မှာဖြစ်ပါတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောသည်။
မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (JWC)နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် (၅) နှစ်ကျော်သက်တမ်းကာလအတွင်း မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း ၃ ခုမှ ၄ ခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိသည်ကို သိရကြောင်း သိရသည်။
လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက “မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနဲ့ မဲခေါင်မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုတွေကို တွန်းအားပေးဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုးနိုင်ရန်၊ နှစ်နိုင်ငံ ဓာတ်အားစနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမာဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့နှင့်ဆောင်ရွက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ဓာတ် အားလိုအပ်ချက်ကို ပြည့်မီရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ် ဓာတ်အားဝယ်ယူဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို လာအိုကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန်လိုအပ်သော အကူအညီများ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်တိန်နာ(၇)သန်း ကုန်တင်ကုန်ချပြုလုပ်နိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၄ နှစ်ကုန်တွင် စတင်ရန်လျာထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ