ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံး
Pika (NSS) - ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး လူထောင်နှင့် ချီသောသူများ ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ(၂၇)ရက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာလ(၂၂)ရက်က စတင်ခဲ့သော ရေကြီးမှုများကြောင့် ဆာတန်၊ ဆောင်ခလာ၊ ပတ္တနီ၊ ယာလာ နှင့် နရာသီဝပ် ပြည်နယ်တစ်ဝှမ်းရှိ နေအိမ်ပေါင်း(၇)သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။
နရာသီဝပ်ပြည်နယ်တွင် အသက်(၈၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူး Preecha Nualnoi က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ အချို့နေရာများတွင် အမြင့်(၃)မီတာခန့်အထိ ရေကြီးမှုများဖြစ်ပွားခဲ့ကာ လူတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Preecha Nualnoi က ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများက တင်ထားသောဗီဒီယိုထဲတွင် နေအိမ်နှင့်လမ်းများ ရေနစ်မြုပ်ကာ ဒေသခံများမှာ ၎င်းတို့၏ နေအိမ်ခေါင်မိုးများပေါ်တွင် ထိုင်နေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့ များသည် ဒေသခံများကို ရေသန့် နှင့် အစားအစာများပေးအပ်ခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှု နှင့် နောက်ထပ် လူသေဆုံးမှုရှိ/မရှိ သိရှိရန်အတွက် လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာလ(၂၇)ရက် နံနက်ပိုင်းတွင် ရေများ လျော့ကျသွားခဲ့ကြောင်း ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ် ကာကွယ်ရေး နှင့် လျော့ပါးရေးဌာနက ပြောကြားခဲ့သည်။ နရာသီဝပ်ပြည်နယ်ရှိ ရထားလမ်းအချို့ကို ရက် အတော်ကြာပိတ်ထားခဲ့ရသော်လည်း လက်ရှိအချိန်တွင် စတင်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း Preecha Nualnoi က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် နေအိမ်သန်းချီထိခိုက်ပျက်စီးခဲ့ပြီး လူရာချီ သေဆုံးခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံအတွင်းခိုးဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၉)ဦးကို မလေးရှားစစ်တပ် ဖမ်းဆီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ