ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သံဃာတော်များလိုက်လာသည့် ကားတိမ်းမှောက်မှုကြောင့် ရဟန်း၊ကိုရင်(၅)ပါး နှင့် လူ(၂)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၅
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သံဃာတော်များလိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် ရဟန်း၊ကိုရင်(၅)ပါးနှင့် လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘောနီအမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်(၅၇/ဝ) ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ Hilux Surf ကားက ယာဉ်မောင်းအိပ်ငိုက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းဘေးထိုးကျပြီး မှောက်တာပေါ့။ ကားပေါ်မှာက သံဃာတော်တွေပါလာတယ်။ ရဟန်း(၂)ပါး နဲ့ ကိုရင်လေး (၈)ပါးပါ” ဟု ဘောနီအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုတွင် ကားပေါ်တွင်လိုက်ပါလာသည့် ရဟန်း(၂)ပါး၊ ကိုရင်(၈)ပါးနှင့် လူ(၃)ဦးအနက် သက်တော်(၃ဝ)ဝန်းကျင်ရှိ ရဟန်း(၂)ပါးတွင် ဦးခေါင်း ပေါက်ဒဏ်ရာ၊ အသက်(၁၂)နှစ်ဝန်းကျင်ရှိ ကိုရင်(၈)ပါးအနက်(၃)ပါးတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့် လူ(၂)ဦးတွင် လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ရဟန်း(၂)ပါးက ခေါင်းပေါက်တာနဲ့ ပွန်းပဲ့ဒဏ်ရာတွေရတယ်။ ကိုရင်လေး(၃)ပါးကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းပဲရတာပါ။ ကျောင်းသား(၂)ယောက်လည်း ပွန်းပဲ့ရုံလောက်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဟန်း၊ကိုရင်များ နှင့် အမျိုးသား(၂)ဦးတို့အား (192)လူနာတင်ကားဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တစ်ဆမှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်းများအနေဖြင့် သက်မှတ်ကီလိုအတိုင်း မောင်းနှင်ကြရန် နှင့် ယာဉ်၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှသာ အမြန်လမ်းအား အသုံးပြုမောင်းနှင်ကြပါရန် ဘောနီအမြန်လမ်း မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအတွက် အလွန်တန်ဖိုးကြီးတဲ့ဈေးနှုန်းမျိုးပေးဆပ်နေရပေမယ့် စစ်ပွဲကို အနိုင်ရချိန်အထိ ဆက်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း