ပိတ်ရက်မရှိဖြေဆိုရမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲအချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း စာစစ်ဦးစီးဌာနဆို
ယွန်း (NSS) - ဒီဇင်ဘာ ၂၃
ပိတ်ရက်မရှိဖြေဆိုရမည့် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲအချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးပြောကြားသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာ(၁၅)ရက်နေ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါအချိန်စာရင်းအရ ကျောင်းသားများအနေဖြင့် စာမေးပွဲကို ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုရမည်ဖြစ်ရာ ၎င်းအချိန်စာရင်းသည် ကျောင်းသားများအတွက် အခက်အခဲများရှိနေကြောင်း ကျောင်းသားမိဘများ၏ ဖွင့်ဟပြောဆိုမှုများ ရှိနေသည်။
သို့သော် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် အချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ဘဲ ယခင်ထုတ်ပြန်ထားသည့်အတိုင်းသာ ဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
“တစ်နှစ်နဲ့ တစ်နှစ်ကတော့ မတူဘူး။ ဒီနှစ်မှာတော့ ဆက်တိုက်တော့ဖြစ်သွားတယ်။ ဒါကြောင့်လည်း ကြိုပြီးတော့ ကြေညာတာပါ။ လုံလောက်တဲ့ အချိန်လည်း ရှိပါတယ်။ တစ်နေ့ကို နှစ်ဘာသာဖြေရတာလည်းမဟုတ်ဘူး။ တစ်ဘာသာပဲ ဖြေရတာလေ။ သေချာကြိုးစားပြီး ပြင်ဆင်ထားတဲ့ကလေးကတော့ တစ်နေ့ တစ်ဘာသာဖြေရလည်း အဆင်ပြေမှာပါ။ စာကို စောစောစီးစီးတော့ ပိုပြီးကြိုးစားထားဖို့တော့လိုပါတယ်။ ကြိုးစားတဲ့ကလေးအတွက်ကတော့ တစ်စုံ တစ်ရာပြဿနာမရှိနိုင်ပါဘူး။ ဒီအချိန်ဇယားအတိုင်းပဲဖြေရမှာပါ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၂၀၂၄ ခုနှစ်၌ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်နေ့မှစတင်၍ ရောင်းချပေးခဲ့ပြီး လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့်လျှောက်လွှာတင်ရန် နောက်ကျနေသူများကိုလည်း လက်ခံပေးနေကြောင်း သိရသည်။
ထို့ပြင် စနစ်ဟောင်း နဝမတန်း(Grade-10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်တွင် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း