ရာသီဥတုဆိုးရွားနေသော်လည်း ငလျင်အပျက်အစီးများကြား ပိတ်မိနေသူများကို အရှိန်မြှင့်ကြိုးပမ်းရှာဖွေနေဟု တရုတ်အစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၂ဝ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂန်ဆူပြည်နယ်တွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများသည် အလွန်အေးခဲနေသောရာသီဥတုအတွင်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် နှင့် ဆေးကုသမှုများလုပ်ဆောင်ပေးနိုင်ရန်အတွက် အကောင်းဆုံးကြိုးပမ်းနေကြောင်း သိရသည်။
ပြင်းအား(၆ ဒသမ ၂) မဂ္ဂနီကျုအဆင့်ရှိ ငလျင်သည် ဒီဇင်ဘာလ(၁၈)ရက် ညပိုင်းတွင် ဂန်ဆူပြည်နယ် နှင့် ကွင်ဟိုင်းပြည်နယ်နယ်စပ်အနီးရှိ ဂျီရှင်းရှန်ကောင်တီတွင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုများကြောင့် ပြည်သူများသည် အလွန်အေးခဲနေသည့်အချိန်အတွင်း ဘေးလွတ်ကင်းရာလမ်းမများ ပေါ်သို့ ပြေးထွက်ခဲ့ရကြောင်း သိရသည်။ အဆိုပါငလျင်ကြောင့် လမ်းမများ၊ ဓါတ်အားလိုင်းများ နှင့် ရေထောက်ပံ့ ရေးလိုင်းများ ထိခိုက်ခဲ့ပြီး နေအိမ်ပေါင်း(၁)သိန်းခွဲကျော် ပျက်စီးခဲ့ကာ မြေပြိုကျမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်အစိုးရအာဏာပိုင်များသည် အရေးပေါ်ကယ်ဆယ်ရေးဌာနများကို တာဝန်များခွဲချထားပေးခဲ့ပြီး တောင်တန်းထူထပ်သောဒေသများရှိ အသက်ရှင်ကျန်ရစ်သူများအား လိုက်လံရှာဖွေကယ်ဆယ်ရန် ဌာနအသီးသီးမှ ထောင်နှင့်ချီသောဝန်ထမ်းများကို ဖြန့်ကျက်ချထားခဲ့ကြောင်းလည်း သိရသည်။
ငလျင်ဘေးဒဏ်သင့်ဒေသသည် ပထဝီဝင်အနေအထားအရ ကုန်းပြင်မြင့်နှစ်ခုကြားတွင် အမြင့်ပေ(၁၈ဝဝ)မီတာမှ (၄၃ဝဝ) မီတာအတွင်းရှိသော မြေမျက်နှာသွင်ပြင်တစ်ခုဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင် ဗဟိုချက်ဖြစ်သော ဂန်ဆူပြည်နယ်ရှိ အပူချိန်များသည် ဒီဇင်ဘာလ(၁၉)ရက် ညတွင် အနှုတ်(၁၅) ဒီဂရီဆဲလ်စီးယပ်စ်ထိ ကျဆင်းသွားခဲ့သော်လည်း ကယ်ဆယ်ရေးသမားများသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် အနှုတ်(၁ဝ)ဒီဂရီဆဲလ်စီးယပ်စ် အခြေအနေ များတွင် အပျက်အစီးများအောက်မှာ ပိတ်မိနေသူများသည် ကိုယ်ခန္ဓာအပူချိန်ကျဆင်းမှု အန္တရာယ်များနှင့် တွေ့ကြုံနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိခဲ့လျှင်တောင် (၅)နာရီမှ (၁ဝ)နာရီကြားသာ အသက်ရှင်သန်နိုင် ကြောင်း သုတေသီများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။
ဒီဇင်ဘာလ(၁၈)ရက် ညပိုင်းက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဂန်ဆူပြည်နယ်တွင် ဒီဇင်ဘာလ(၂ဝ)ရက် နံနက် (၉)နာရီအချိန်အထိ သေဆုံးသူအရေအတွက်မှာ အနည်းဆုံးလူ(၁၁၃)ဦးထိ ရှိလာခဲ့ပြီး အခြားလူ(၇၈၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့အပြင် ကွင်ဟိုင်းပြည်နယ်တွင် အနည်းဆုံး လူ(၁၈) ဦး သေဆုံးခဲ့ပြီး အခြားလူ(၁၉၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိဘအုပ်ထိန်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများပွင့်လမ်းလာမှသာ ကလေးအလုပ်သမားလျော့နည်းမည်ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ