ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖော်သော လွိုင်ကော်မြို့သည် (၇၅)ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဟုဆို
မျိုးကြီး (NSS) - ဒီဇင်ဘာ ၂၀
ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖော်ဆောင်သော ကယားပြည်နယ်ရှိ လွိုင်ကော်မြို့သည် (၇၅)ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ကယားလက်နက်ကိုင်အဖွဲ့ KNPP နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကရင်နီလက်နက်ပူးပေါင်းအဖွဲ့ နှင့် တပ်မတော်လုံခြုံရေးအဖွဲ့များကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြသည်။
၁၁.၁၁ စစ်ဆင်ရေးသည် ရက်ပေါင်း(၄၀)ကျော် ကြာမြင့်လာမှုနှင့်အတူ လွိုင်ကော်မြို့အပေါ်ရှိ လူနေအိမ်၊ ဌာနဆိုင်ရာအဆောက်အဦးများသည်လည်း (၇၅)ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးသွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်တိုင်းလိုလိုမှာ လက်နက်ကိုင်အဖွဲ့တွေက ဝင် နေပြီး တိုက်ခိုက်နေတော့ တစ်ဖက်ကလည်း ပြန်ပစ်တာ ပေါ့။ မြို့ပေါ်အနှံ့လိုလိုမှာ ဝင်နေတာလေ။ ရပ် ကွက်တိုင်းလိုလိုမှာ လက်နက်ကြီးတွေက ကျတယ်။ အဲဒီလိုကျတော့ အိမ်တွေက တော်တော်များများ ပျက် စီးသွားပြီလေ။ ကျွန်တော် ထင်ပါတယ်။ ၇၅ ရာခိုင်နှုန်းလောက်ပေါ့၊ ၄ ပုံ ၃ ပုံလောက်ကတော့ ပျက်စီးသွားပြီ။ အဆောက်အဦးတွေ ကျိုးကြေနေတာတွေ ရှိတယ်။ မီးလောင်တာတွေ ရှိတယ်။ မီးလောင်တယ်ဆိုတော့ အတွင်းပစ္စည်းတွေလည်း ကုန်တာပေါ့ဗျာ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ဖော်ဆောင်သည့် စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ(တောင်ဈေး) မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် ခရိုင်တရားရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦးသည်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရမှုများရှိကြောင်း ဒေသခံများက ပြောသည်။
“မြို့ကတော့ တော်တော်လေးကို ပြန်ပြုပြင်ရမယ့်သဘောဖြစ်နေပြီ။ သူတို့က မြို့ထဲမှာ တိုက်ကွက်ဖော်တာဆိုတော့ နေအိမ်တွေ၊ အဆောက်အဦးတွေကို ကာဗာယူပြီးတော့ တပ်တွေကို ပစ်တော့ တပ်တွေကလည်း ပြန်ပစ်တာပေါ့။ အဲဒီတော့ ဒီအဆောက်အဦးတွေက ထိခိုက်မှုတွေ ရှိတာပေါ့။ မြို့ကတော့ ကြေသလောက်တော့ ဖြစ်သွားပြီး” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြော သည်။
လက်ရှိတွင်လည်း လွိုင်ကော်မြို့နှင့်တစ်ဝိုက်၌ တပ်မ တော်နှင့် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“အစိုးရဘက်ကလည်း အစိုးရရုံးတွေ ပြန်ပြီးပြုပြင်ရမှာ ရှိသလို ပြည်သူတွေဘက်ကလည်း ဘဝရပ်တည်ရေးအတွက် တော်တော်လေးကို ရုန်းကန်ရမယ်။ တစ်ချို့ဆိုရင် ကျွန်တော် ကြားတာပေါ့ မြို့ပေါ်မှာ နေတောင် မနေချင်တော့တဲ့ အနေအထားဖြစ်နေပြီ။ စွန့်ခွာချင်နေကြပြီ” ဟု လွိုင်ကော်မြို့ခံက ဆက်လက်ပြောသည်။
တိုက်ပွဲများကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက် အဦးများစွာပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောကြားထားဖူးသည်။
လွိုင်ကော်မြို့သည် ခရီးသွားအများအပြား စိတ်ဝင်စားကာ လာရောက်လည်ပတ်သည့် မြို့အဖြစ် လူသိများခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲများနှင့်အတူ ပြိုလဲပျက်စီးနေသည့်သဘောကို ဆောင်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား-တရုတ်ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာကို အသုံးပြုတော့မည်မဟုတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း