မန္တလေးတွင် ဆိုင်ကယ် နှင့် FAW ကားတို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၀
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်နှင့်FAW ကားတို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းသူပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၀ ရက်)၊ မွန်း တည့် ၁၂ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၄ x ၈၃ လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ယူဆရတာတော့ လမ်းပေါ်မှာမောင်းနေတဲ့ သဲကားကို ဆိုင်ကယ်က ဖြတ်ဝင်တဲ့အချိန်မှာတိုက်မိတဲ့သဘောပါ။ ဆိုင်ကယ်က လူကတော့ ပွဲချင်းပြီးဆုံးသွားတယ်”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် သေဆုံးသွားခဲ့သည့် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားသည် အသက်(၄၃)နှစ်အရွယ်ရှိ ကိုဇော်လှိုင်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကြေမွဒဏ်ရာ နှင့် နံရိုးကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကြည့်ရတာတော့ သဲကားရဲ့ရှေ့ဘီးက ခါးကိုအရင်နင်းပြီး နောက်ဘီးက ခေါင်းကိုဖြတ်နင်းမိတဲ့ ပုံစံဗျ။ ခေါင်းကကြေမွပြီး ဦးနှောဏ်တွေတောင်ထွက်သွားတယ်။ ခါးအနင်းခံရတော့ နံရိုးတွေလဲကျိုးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုတွင် သေဆုံးသွားသူအမျိုးသားအား မဏီစလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး သဲကားယာဉ်မောင်းအမျိုးသားအား အမှတ်(၇)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
“ဆိုင်ကယ်သမားပဲဖြစ်ဖြစ်၊ ကားသမားပဲဖြစ်ဖြစ် ဖြည်း ဖြည်းမောင်းကြဖို့ပဲပြောချင်တယ်။ အဲဒီနေရာက သဲကားတွေအများဆုံးဖြတ်တာ။ အရမ်းလဲမောင်းကြတယ်။ ခုလိုဖြစ်စဉ်တွေက ခဏခဏဖြစ်နေတော့ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ကြပ်မတ်သင့်တယ်” ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၁၃ ရက်ကလည်း မဟာအောင်မြေမြို့နယ်တွင် အိမ်စီးကားနှင့်ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ ယာယီအုပ်ချုပ်ရေးမှူး ထပ်မံသတ်ဖြတ်ခံခဲ့ရပြီး (၃)ဦးမြောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း