၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ရာနှုန်းပြည့်ပြီးစီးရန်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း (၆၃)ရာခိုင်နှုန်းကျော်ပြီးစီး
ကျော်(NSS) - ဒီဇင်ဘာ ၁၉
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ရာနှုန်းပြည့်ပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီး ဌာနထံမှ သိရသည်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)ဖြင့် တည် ဆောက်လျက်ရှိခြင်းဖြစ်သည်။
အဆိုပါ တံတားတည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လ ၁၄ ရက်က ပန္နက်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကာ လက်ရှိအချိန်၌ ၆၃ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"အဓိကချဉ်းကပ်တံတားတွေဖြစ်တဲ့ ရန်ကုန်ဘက်က ချဉ်းကပ်တံတား၊ ဒလဘက်က ချဉ်းကပ်တံတားနဲ့ ဆင် ခြေလျှောတံတားတွေအကုန်လုံးပြီးခါနီးပါပြီ။ ပင်မတံတားတည်ဆောက်ရေး အပိုင်းတွေလုပ်ဖို့ကျန်ပါသေးတယ်။ အခုချိန်အထိဆိုရင် တံတားစီမံကိန်းတစ်ခုလုံးရဲ့ ၆၃ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ"ဟု တံတားဦးစီးဌာန ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ တံတားဦးစီးဌာနအနေဖြင့် ပင်မတံတား ၏ Pylon ရေလယ်တိုင် Py 1 နှင့် Py 2 တို့အား Lot အလိုက်အဆင့်ဆင့်တည်ဆောက်ခဲ့ရာ Lot နံပါတ် ၂၈ အထိပြီးစီးပြီဖြစ်ကာ Lot နံပါတ် ၂၉ နှင့် Lot နံပါတ် ၃၀ တို့ကိုဆက်လက်တည် ဆောက်လျက်ရှိပြီး ယင်း Lot များပြီးဆုံးပါက ကြိုးဆိုင်းများထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီတံတားကြီးပြီးသွားရင်တော့ သွားလာရတာပိုပြီးအဆင်ပြေသွားမယ်။ နောက်ပြီး ကုန်ပစ္စည်းတွေပို့တာလည်းလွယ်သွားမယ်။ အခုက သမ္မာန်တွေ၊ ချယ်ရီသင်္ဘောတွေနဲ့သွားလာရတာက တစ်ခါတစ်လေမှာ မလုံခြုံသလိုခံစားရတယ်။ နောက်ပြီး ဒလဘက်နဲ့ဆက် စပ်ပြီး ဒီဘက်ခြမ်းမှာရှိတဲ့ တွံတေး၊ ကော့မှူး နဲ့ ကွမ်းခြံကုန်းမြို့နယ်၊ နောက်ကျေးရွာတွေအကုန်လုံးလည်း ဖွံဖြိုးလာမှာသေချာတယ်"ဟု ဒလမြို့နေ ကိုစိုးအောင်က NSS ကို ပြောသည်။
တည်ဆောက်လျက်ရှိသည့် ရန်ကုန်-ဒလတံတားသည် သံကူကွန်ကရစ်ကိုယ်ထည်ပေါ်တွင် သံမဏိကြိုးဆိုင်း ဖြင့်တွဲထားသော လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ အရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိပြီး တံတားခံနိုင်ဝန်သည် ယာဥ်တစ်စီးချင်းစီအတွက် ၇၅ တန်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်ဘက်ခြမ်း ဒလဘက်ကနေ ဘုန်းကြီးလမ်းကို နှစ်လမ်းသွားတံတားတစ်စင်း၊ ဆူးလေဘုရားဘက်ကို တစ်လမ်းမောင်းတံတားတစ်စင်း၊ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်ကို တစ်လမ်းမောင်းတံတားတစ်စင်း စုစုပေါင်း တံတားသုံးဆင်းသွယ်ဆင်းတဲ့ ပုံစံမျိုးနဲ့တည် ဆောက်နေတာပါ"ဟု တံတားဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
တံတားဘေးနှစ်ဖက်တွင် တစ်ဖက်လျှင် ၄ မီတာကျယ် ဝန် သည့် လူသွားလမ်းပလက်ဖောင်းပါရှိပြီး ဒလဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတားအရှည်သည် ၆၉၀ မီတာဖြစ်ပြီး ဆင်ခြေလျှောတံတားများသည် ၂၃ ပေအကျယ်ရှိကြောင်း သိရသည်။
ထို့ပြင် ပင်မတံတားကြီး၏ အောက်ဘက်တွင် (DWT) တန်ချိန်တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများဖြတ်သန်းသွားလာနိုင်ရန် ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ (၁၆၀ ပေ)၌ ရေလမ်းကင်းလွတ်အကျယ် ၃၀၁ မီတာ (၉၉၈ ပေ) ဖြင့်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံး တရားစွဲဆိုအရေးယူနိုင်မည့် ကော်မတီကို နစက ဖွဲ့စည်းထား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း