ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုများမြင့်တက်လာပြီး စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေဟုဆို
ယွန်း (NSS) - ဒီဇင်ဘာ ၁၈
အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပဋိပက္ခများဖြစ်ပွားမှုအခြေ အနေများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုများ မြင့်တက်လာပြီး စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လာကြောင်း ကမ္ဘာ့ဘဏ်၏ ယခုလ(ဒီဇင်ဘာလ)အတွင်း ထုတ်ပြန်ထားသည့် Myanmar: Compounding Food Security Challenges အစီရင်ခံစာက ဖော်ပြထားသည်။
နိုင်ငံရေးမတည်ငြိမ်မှုသည် ဘေးအန္တရာယ်ထိခိုက်နိုင်ခြေလျှော့ ချနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် စိုက်ပျိုးရေးအတွက် အကာအကွယ်ပေးသော အာမခံလုပ်ငန်းများကို နှောင့်နှေးစေကြောင်း အစီရင်ခံစာအရ သိရသည်။
ထိုသို့ နှောင့်နှေးမှုကြောင့် လယ်သမားများအနေဖြင့် ငွေကြေးအ ထောက်အပံ့ရယူနိုင်မှု နှင့် အာမခံအကာအကွယ်ရရှိနိုင်မှုတို့ကို အဟန့်အတားဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။
ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပဋိပက္ခဖြစ်ပွားမှုအခြေအနေများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုများ မြင့်တက်လာခြင်းသည် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စုရာခိုင်နှုန်းအများစုသည် အစားအစာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုယိုးယွင်းလာခြင်းများကို ကြုံတွေ့နေရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ အစားအစာရရှိနိုင်မှု၊ ဝယ်ယူသုံးစွဲနိုင်မှု၊ ကုန်စည်ပို့ဆောင်ရေးအခက်အခဲများနှင့် ကုန်စည်ပြတ်လပ်မှုများကြောင့် အခြေခံစားသောက်ကုန်များ ရရှိနိုင်မှုအခက်အခဲများဆက်လက်ရှိနေကြောင်း သိရသည်။
အဆိုပါစိန်ခေါ်မှုများသာမက ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် လယ်ယာမှရရှိသည့်ဝင်ငွေကျဆင်းခြင်းတို့ကြောင့် အစားအ သောက်ကုန်ကျစရိတ်ကို ခြွေတာရခြင်း၊ အကြိမ်ရေလျှော့စားရခြင်းတို့အပြင် အမျိုးမျိုးသောဖြေရှင်းနေရသည့်နည်းလမ်းများကို အသုံးပြုလာရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
UNOCHA ၏ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂)သန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် နေရပ်စွန့်ခွာသူဦးရေမှာ (၂ ဒသမ ၆)သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသူများက စစ်မြေပြင်တွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခြင်းမျိုးမရှိကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ဝန်ခံပြောဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ