နေအိမ်ရှေ့ရှိဆိုင်ကယ်အား အုပ်စုဖွဲ့ကာ ဓားဖြင့်ခြိမ်းခြောက်ဝင်ရောက် လုယက်မှု မန္တလေးမြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၈
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် နေအိမ်ရှေ့၌ ရပ်ထားသည့်ဆိုင်ကယ်အား အုပ်စုဖွဲ့ကာ ဓားဖြင့် ခြိမ်းခြောက်ဝင်ရောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဆိုင်ကယ်လုယက်မှုသည် ယမန်နေ့(ဒီဇင်ဘာ ၁၇ ရက်)၊ ည ၁ဝ နာရီခန့်တွင် အောင်မြေသာစံနယ်၊ အောင်ချမ်းသာကွက်သစ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အလုခံရတဲ့လူက ညက အပြင်ကနေ အိမ်ပြန်လာတာ။ အဲဒီအချိန် သူ့မိန်းမကို လှမ်းခေါ်နေတုန်း လူ(၂)ယောက်က ဆိုင်ကယ်ဝင်လုတာ။ လုတဲ့လူတွေက သော့မပေးလို့ ဓားနဲ့ထိုးတာပါ။ ထိုးပြီးတော့ သူ့ကိုရေမြောင်းထဲလည်း တွန်းချခဲ့တာ” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါလုယက်မှုဖြစ်စဉ်တွင် အောင်ချမ်းသာကွက်သစ်တွင်နေထိုင်သည့် အသက်(၄၄)နှစ်အရွယ် ကိုမိုးမိုး၌ လက်မောင်းဓားဒဏ်ရာ(၂) ချက်ရရှိခဲ့ကြောင်း သိရသည်။
“လုခံရတဲ့လူက ဓားဒဏ်ရာ (၂) ချက်ရတယ်။ လက်မောင်းတွေမှာ ရတာ။ မစိုးရိမ်ရပါဘူး။ အလုခံလိုက်ရတဲ့ ဆိုင်ကယ်က Click ဘီးပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား ပရဟိတမင်းခေါင်လူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လုယက်မှုကျူလွန်သူများအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
“အကြံပြုချင်တာတော့ အခုလိုကာလမှာ တစ်ယောက်တည်းသွားတာတွေမလုပ်ဖို့နဲ့။ အချိန်မတော်ကြီး မသွားလာဖို့ပဲ ပြောချင်ပါတယ်။ သွားရင်လဲဂရုစိုက်သွားပေါ့။ အခုလိုတွေက ခဏခဏဖြစ်နေတော့ သက်ဆိုင်ရာအနေနဲ့လည်း ထိန်းချုပ်ဖို့လိုတယ်” ဟု အထက်ပါလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောဆိုထားသည်။
အလားတူ လွန်ခဲ့သောတစ်ပတ်ခန့်က မန္တလေးတောင်ခြေတွင် ဆိုင်ကယ်စီးလာသူတစ်ဦးအား အုပ်စုဖွဲ့၍ ဓားဖြင့်ထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပြီး မန္တလေးမြို့တွင် လုယက်မှုဖြစ်စဉ်များကြောင့် ဒေသခံများအနေဖြင့် စိုရိမ်ပူပန်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအစိုးရက ပင်လယ်နက်ကိုဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန် စိတ်မဝင်စားဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း